မနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မောင်းမကန်ရွာမှ ပျူခေါင်းဆောင် ဆိုသူ ဦးစိုးသိန်း၊ သမီးဖြစ်သူ မအေးလဲ့ထွေးနဲ့ သမက်ဖြစ်သူ ကိုနိုင်ဦး တို့ ၃ ဦးကို နေအိမ်မှာ လောင်းလုံး LLPDF အဖွဲ့က ဝင်ရောက် ပစ်ခတ် ခဲ့တာလို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုမှာ ဖခင်ဖြစ်သူ ဦးစိုးသိန်း ပွဲချင်းပြီး သေဆုံးကာ သမီးနဲ့ သမက် ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
မောင်းမကန်ကျေးရွာနေ ပျူစောထီးခေါင်း ဆိုသူ ဦးစိုးသိန်း(ခ)သက်ရှည်နဲ့ သမက်ဖြစ်သူ စစ်မှုထမ်းဟောင်း ပျူစောထီး သင်တန်းဆင်း နိုင်ဦး တို့ဟာ လက်နက်ကိုင်ဆောင်ပြီး ပျူစောထီးတွေကို စစ်သင်တန်းပြန်ပေး နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။
သမီးဖြစ်သူ မအေးလဲ့ထွေး(ခ)မီးကန်းမှာ ငွေကြေးနဲ့ ပျူစောထီးအဖွဲ့ဝင် စုဆောင်းသူဖြစ်ပြီး စစ်ကောင်စီ သတင်းပေး ဖြစ်တာကြောင့် အကြိမ်ကြိမ်စောင့်ကြည့်ခဲ့ပြီး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် လောင်းလုံး-ကျောက်နီမော် လမ်းပိုင်း တစ်နေရာမှာ မွန်းလွဲ ၂ နာရီခွဲမှာ စစ်တပ်က တပ်ကြပ်ကြီး ဦးပြုံးချို ဆိုသူကို LLPDF အဖွဲ့က ထပ်မံ ပစ်ခတ် ရှင်းလင်းခဲ့ရာမှာ စစ်ယူနီဖောင်း ၂ စုံ၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ ငွေ ၂၅,၃၀၀ ကျပ် အပါဝင် မှတ်ပုံတင်တွေနဲ့ ပစ္စည်းတစ်ချို့ကို သိမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်တွေကို လောင်းလုံး-ပကဖ LLPDF ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျေးရွာနေ ပြည်သူ တွေနဲ့ လုံးဝ သက်ဆိုင်မှု မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေ၊ ဒလန်တွေ နားမှာ အနီးကပ် သွားလာတာ မလုပ်ဖို့၊ ပျော်ပွဲရွှင်ပွဲတွေ လူစုလူဝေးတွေကို ရှောင်ကျဉ်ပေးဖို့လည်း LLPDFက မေတ္တာရပ်ခံထားပါတယ်။