မဲခေါင်၊ ဖေဖော်ဝါရီ ၆
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ဇလွတ်ရွာမှာ စစ်တပ်နဲ့ ပျူစောထီးတွေ မနေ့ ညပိုင်းက အိမ်တစ်အိမ်သို့ ဝင်ရောက် ဓားပြတိုက်ပြီး အိမ်ပိုင်ရှင်ကို သေနတ်နဲ့ ပစ်ခဲ့တယ်လို့ Dawei Information Center က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်၊ ည ၁၁ နာရီခွဲ ဝန်းကျင်က ကျောက်နီမော်ရွာ ရဲစခန်းမှ စစ်သားနဲ့ ရွာခံ ပျူစောထီး ၅ ဦးခန့် ကားနဲ့ လာကာ ဦးလှဝင်း နေအိမ်ကို ဝင်ရောက်ပြီး တန်ဖိုးကြီး ပစ္စည်းတွေ ဓားပြတိုက်သွားတယ်လို့ ရွာခံ တစ်ဦးက ပြောပါတယ်။
“ အိမ်ထဲကို စစ်သားတွေ ဝင်သွားပြီးတော့ သေနတ် ပစ်ခတ်သံတွေ ကြားရတယ်။ အော်သံ ငိုသံတွေ ထပ်ကြားရပြီး ခဏအကြာမှာပဲ ပြန်ထွက်သွားကြပါတယ်။ မနက်ကျမှ အိမ်အနား မေးမြန်းကြည့်တာ အကြောင်းစုံ သိရတယ်” လို့ သူကပြောပါတယ်။
ပစ်ခတ်မှုကြောင့် အိမ်ရှင် ဦးလှဝင်း လက်မှာ ကျည်ထိမှန် ဒဏ်ရာရရှိပြီး မိန်းမဖြစ်သူမှာ သေနတ်ဒင်နဲ့ ထုခံရကာ အိမ်ရှိ ဆိုင်ကယ် ၂ စီး၊ ရွှေ၊ ငွေတွေ ပါသွားတယ်လို့ ဒေသခံ တစ်ဦးက ထပ်မံ ပြောပါတယ်။
စစ်အာဏာသိမ်းချိန်မှစပြီး လောင်းလုံးမြို့နယ်ရှိ ကျေးရွာတွေက ပြည်သူနေအိမ် ၅၃ အိမ်ထက်မနည်းကို စစ်တပ်နဲ့ ပျူစောထီးတွေ ဖောက်ထွင်း၊ ဓားပြတိုက်ခဲ့တယ်လို့ Dawei Information Center က ထုတ်ပြန်ပါတယ်။
MK-003