မဲခေါင်၊ ဇွန် ၂
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ ဂိုဏ်းကို လုယက်ထားတဲ့ ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တယ်လို့ လားရှိုးမြို့မရဲစခန်း တာဝန်ရှိသူ တစ်ဦးက ဒီကနေ့ ဇွန်လ ၂ ရက်နေ့မှာ အတည်ပြု ပြောပါတယ်။
အဆိုပါ ၆ ဦးဂိုဏ်းဟာ လားရှိုးမြို့ ရပ်ကွက် အတော်များများမှာ လုယက်ခဲ့တဲ့ အတွက် ကျူးလွန်ခဲ့တဲ့ နေ့ရက်၊ အချိန်၊ နေရာတွေကို အသေးစိတ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
“ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ သုံး၊ လေးရက်လောက်က ပြစ်မှု ကျူးလွန်တဲ့ အမျိုးသား တရားခံ ၆ ဦးကို ကွင်းဆက် နဲ့အတူ လားရှိုးမြို့၊ ရပ်ကွက် (၈)၊ မန်ဆူအောက်ဂိတ်နားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ဖမ်းမိခဲ့တာပါ။ တရားခံတွေနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်လို့ အဆင်မပြေသေးပါဘူး။ အခုချိန်ထိ စစ်ဆေးမေးမြန်း နေပြီး ကွင်းဆက်တွေ ဆက်ဖော်ထုတ်ရအုံးမှာမို့ သူတို့နဲ့ ပတ်သက်လို့ ဓါတ်ပုံတွေ၊ အချက်အလက်တွေကို မချပေးသေးတာပါ။ သူတို့ လုယက် ယူဆောင်သွားခဲ့တဲ့ မော်တော်ဆိုင်ကယ် ၂၂ စီးကိုတော့ သူတို့ ရောင်းချထားတဲ့ ဆိုင်ကနေ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး အခုလက်ရှိ မြို့မရဲစခန်းထဲမှာ သိမ်းဆည်းထားပြီးပါပြီ” လို့ အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ ရက်ခန့် ည ၁၀ နာရီခန့်မှာ ရပ်ကွက် (၁၀)၊ ရွှေကျောက်ဂူ အနီး ဆိုင်ကယ်စီး အမျိုးသား ၂ ဦးကို ဆိုင်ကယ်တစ်စီး ၃ ဦး စီးနင်းလာတဲ့ အဖွဲ့က ဓါးရှည်နဲ့ ခုတ်ကာ ဆိုင်ကယ် လုဖို့ ကြိုးစားပေမယ့် ဆိုင်ကယ် ပါမသွားဘဲ လုယက်ခံရသူရဲ့ ဘယ်လက်ကောက်ဝတ် ဓားခုတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် မေလ ၂၆ ရက်၊ ည ၈ နာရီခွဲ လားရှိုး တက္ကသိုလ်အနီး ဆိုင်ကယ်စီး အမျိုးသား တစ်ဦးကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးခုတ် ဆိုင်ကယ် လုယက်ခဲ့တဲ့ ဖြစ်စဉ်တွေကို အခု ဖမ်းမိထားသူတွေ ကျူးလွန်ခြင်း ရှိမရှိ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
အခု သိမ်းဆည်းထားတဲ့ ဆိုင်ကယ်များအနက် တန်ဖိုးကြီး HONDA CLICK ဘီးများ၊ တရုတ်နိုင်ငံထုတ် လူကြိုက်များတဲ့ KENBO CLICK 125 ဘီးများ၊ LUOJIA 125 ဘီးများနဲ့ အတူ အဟောင်း ဈေးကွက်မှာ လူကြိုက်များ အဝယ်လိုက်တဲ့ ဆိုင်ကယ်များ အဓိက ပါဝင်နေတယ်လို့ သိရပါတယ်။
CJ-010
#MeKongNews
#လားရှိုးမြို့
#ဓားခုတ်လုယက်
#မန်ဆူအောက်ဂိတ်