မဲခေါင်၊ နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်နေ့မှ နိုဝင်ဘာ ၁၁ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း အရပ်သား ၃၇ ဦး သေဆုံးပြီး ၆၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့-TWO က ဒီကနေ့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေ အတွင်း စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုနဲ့ တိုက်လေယာဉ် အသုံးပြုကာ ပြည်သူလူထု နေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် သေဆုံးရတာ အများဆုံး ဖြစ်တယ်လို့ TWO က ပြောပါတယ်။
ထိခိုက်သေဆုံးမှုတွေထဲမှာ ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ ကိုယ်ဝန်ဆောင် မိခင်များ ပါဝင်တယ်လို့ TWO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီ ထိခိုက် သေဆုံးရတဲ့ အရပ်သားတွေဟာ နမ့်ခမ်း၊ လားရှိုး၊ နမ့်ဖတ်ကာ၊ ပန်ဆိုင်း၊ ကွတ်ခိုင် စတဲ့ မြို့နယ်က ပြည်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေကြောင့် အရပ်သား နေအိမ် နဲ့ သာသနာ အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၁၀၀ အထိ ရှိတယ်လို့ TWO ကပြောပါတယ်။
အခု ထုတ်ပြန်တဲ့ အချက်အလက်ဟာ TWO က လက်လှမ်းမှီသမျှ စုဆောင်းထားတဲ့ အချက်အလက် ဖြစ်တာကြောင့် မြေပြင်မှာ ထိခိုက်ပျက်စီးမှု ဒီထက်မက ပိုများနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CJ-002
#MekongNews
#ရှမ်းမြောက်
#တအာင်းအမျိုးသမီးအဖွဲ့
#တိုက်လေယာဥ်_လက်နက်ကြီး