မဲခေါင်၊ နိုဝင်ဘာ ၈
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ တိုက်ပွဲတွေ အတွင်း မြို့ ၅ မြို့ အပါအဝင် တပ်စခန်းပေါင်း ၁၂၀ ကျော်ကို စစ်ကောင်စီ လက်လွှတ်ခဲ့ရတယ်လို့ MNDAA က ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ TNLA ၊ MNDAA ၊ AA နဲ့ BPLA ၊ MDY PDF ပူးပေါင်းတပ်ဖွဲ့တွေ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသက ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ ကွမ်းလုံ၊ သိန္နီ စတဲ့ မြို့ ၅ မြို့ အပါအ၀င် စစ်တပ်စခန်း စုစုပေါင်း ၁၂၅ ခုကို ညီနောင်တပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်း အများအပြား ရရှိခဲ့သလို တပ်ရင်းလိုက် လက်နက်ချတာနဲ့ အလင်းဝင်သူ စုစုပေါင်း ၁၀၀ ကျော် ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၇ ရက်နဲ့ ၈ ရက်မှာလည်း ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသက စစ်တပ်စခန်းတွေဖြစ်တဲ့ ပန်းဝါစခန်းနဲ့ မာလီလင်စခန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA ကပြောပါတယ်။
ဒါ့အပြင် မနေ့ကတော့ ၇ နှစ်ကျော်ကြာ လက်လွှတ်ခဲ့ရတဲ့ မုံးကိုးနယ်စပ်ဂိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကာ ကိုးကန့် အလံ ပြန်လည် လွှင့်ထူနိုင်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးက ရုပ်သံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
MK-007
#MeKongNews
#TNLA
#ရှမ်းမြောက်
#ကိုးကန့်_အလံ