မဲခေါင်၊ ဇန်နဝါရီ ၂၅
ရှမ်းပြည် တောင်ပိုင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ရှိနေတယ်လို့ ပအိုဝ်းအမျိုးသမီးများ သမဂ္ဂရဲ့ စစ်တမ်း အချက်အလက်တွေအရ သိရပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်း အဓိကကျတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ခရီးသွား ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေး နှိပ်စက်နေတဲ့အပြင် အမျိုး သမီးတွေကို စစ်ဆေးမေးမြန်းရာမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ၊ အသက်အန္တာရယ် ခြိမ်းခြောက်မှု တွေအထိ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပင်းတယမြို့အထွက် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီလ ၂ ရက်နေ့က ဆိုင်ကယ်နဲ့ ခရီးသွား လာနေတဲ့ ဒေသခံ ဓနုတိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို အရပ်ဝတ် စစ်ကောင်စီတပ်သား တစ်ဦးက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ပြီး လူကို ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဆိုင်ကယ်နဲ့ တစ်ယောက်ထဲလာတဲ့ အသက် ၁၉ နှစ်အရွယ် အဲဒီ အမျိုးသမီးနောက်ကို စစ်ကောင်စီတပ်သားက ဆိုင်ကယ်နဲ့ နောက်ကနေ ကပ်လိုက်လာပြီး လူရှင်းတဲ့ နေရာအရောက်မှ ဆိုင်ကယ်ကိုရပ်ခိုင်းကာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခဲ့တာ ဖြစ်တယ်လို့ အဲဒီအမျိုးသမီးက ပြောဆိုထားပါတယ်။
ဒါ့အပြင် ပင်းတယဒေသမှာ စစ်ကောင်စီတပ်သားတွေက နေ့တိုင်းလိုလို စစ်ဆေးရေးဂိတ်တွေထဲမှာ မူးရူးသောက်စားပြီး လမ်းသွား လမ်းလာ အမျိုးသမီးတွေကို ထိပါးပြောဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အခုလို ဖြစ်စဉ်တွေမှာ ရှမ်းတောင်ဒေသအတွင်းက နေရာတိုင်းမှာ အမျိုးသမီးတွေ ခံစားနေရတာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးက အမျိုးသမီးတွေ အကာအကွယ် ကင်းမဲ့ နေတယ်လို့ သိရပါတယ်။
MK-008