မဲခေါင်၊ ဩဂုတ် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်ကောင်စီခန့် နွားဘန်းကြီးရွာ အုပ်ချုပ်ရေးမှူးကို မနေ့ သြဂုတ် ၂၄ ရက်က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။
နွားဘန်းကြီးရွာ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီနဲ့ ဆက်လက်မပူးပေါင်းဖို့၊ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာတွေ မပြုလုပ်ဖို့နဲ့ ရာထူးကနေ နှုတ်ထွက်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့ရွာငံ PDF က ဆိုပါတယ်။
“မနေ့က နေ့လည် ၂ နာရီကျော်လောက်မှာပဲ ။သွားဖမ်းတာပေါ့။ ဒါပေမဲ့ သူက အဖမ်းမခံဘဲ ရုန်းကန်ခုခံဖို့ ကြိုးစားတော့ ကျွန်တော်တို့လည်း ပစ်ခတ်ရှင်းလင်းလိုက်ရတာပါ” လို့ ရွာငံ PDF ပြန်ကြားရေးတာဝန်ရှိသူက ရှင်းပြပါတယ်။
ဒီလို ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ရောက်လာပြီး အုပ်ချုပ်ရေးမှူးအလောင်းကို ကားပေါ်တင်ဆောင်သွားကာ သေနတ်တွေလည်း မိုးပေါ်ထောင်ပစ်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကျေးရွာတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ လမ်းဆုံတွေမှာ လိုက်လံစစ်ဆေးနေပြီး လုံခြုံရေးတွေလည်းတင်းကြပ်ထားတယ်လို့ ရွာငံဒေသခံတစ်ဦးက ပြောပါတယ်။
MK-007
#MeKongNews
#ရွာငံ
#နွားဘန်းကြီးရွာ
#စစ်ကောင်စီ
#အုပ်ချုပ်ရေးမှူး