မဲခေါင်၊ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် အတွင်းရှိ အများပြည်သူ သွားလာတဲ့ လမ်းတွေမှာ စစ်ကောင်စီတပ်က နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၄) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ နင်းမိုင်းတွေကို ရဲဘော်တွေ မနေ့က ဖယ်ရှား ရှင်းလင်းခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၄) က ထုတ်ပြန်ပါတယ်။
ရေဦးမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းက ရွာမီးရှို့ပြီး အများပြည်သူ သွားလာတဲ့ နေရာတွေကို နင်းမိုင်းတွေ ထောင်ထားခဲ့တာကြောင့် ပြည်သူတွေ ဘေးကင်းဖို့အတွက် ရွှေဘိုခရိုင် တပ်ရင်း (၁၄) ရဲဘော်တွေက မိုင်းရှင်းလင်းရေး လုပ်ငန်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ တော်လှန်ရေးသမားများ အနေဖြင့်ရော၊ ပြည်သူများ အနေဖြင့်ရော၊ ခွေးစစ်ကြောင်းများ ထွက်သွားလျှင် ရမ်းပြီး မဝင်ကြပါနဲ့။ သတိထားကြပါခင်ဗျာ” လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၄) က သတိပေးပါတယ်။
ရေဦးမြို့နယ် အနောက်ခြမ်းသို့ ဇန်နဝါရီ ၁၄ ရက်နေ့က ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ ကုန်းသာကျေးရွာ အရှေ့ မူးဘောင်တွေပေါ်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာကြောင့် ဒေသခံပြည်သူ တစ်ဦး မိုင်းနင်းမိပြီး ခြေထောက် ဖြတ်လိုက်ရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်း အတွင်း ကျေးရွာတွေမှာ စစ်ကြောင်းထိုး မီးရှို့ပြီးနောက်မှာ ရွာထဲသို့ ပြန်ဝင်ရာ လမ်းတစ်လျှောက်နဲ့ ကျေးရွာတွေထဲမှာ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့လေ့ရှိပါတယ်။
နိုင်ငံတကာ မြေမြှုပ်မိုင်း စောင့်ကြည့်ရေး အဖွဲ့တွေရဲ့ လေ့လာ စောင့်ကြည့်မှုအရ စစ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက် သေဆုံးသူ ၅၀၀ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။
MK-003