မဲခေါင်၊ ဩဂုတ် ၄
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ သုမာလာ (၇) လမ်းရှိ အွန်လိုင်းကနေ လျှပ်စစ်ပစ္စည်း ရောင်းတဲ့အိမ် အနုကြမ်းစီးခံရမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဩဂုတ်လ ၄ ရက်၊ နေ့လယ် ၂ နာရီ ဝန်းကျင်က အမျိုးသား ၃ ဦး အနက်ရောင် ဆိုင်ကယ်ရောက်လာကာ နေအိမ်အတွင်း ဝင်ရောက် အနုကြမ်းစီးခဲ့တာဖြစ်ပြီး ရွှေထည် ပစ္စည်းတွေနဲ့ ပိုက်ဆံတွေ လုယက် သွားတယ်လို့ သိရပါတယ်။
အဆိုပါ နေအိမ် အတွင်း အမျိုးသမီးကြီး ၂ ဦးထဲရှိနေစဉ် လာရောက် လုယက်ခဲ့တာဖြစ်ပြီး ဆွဲကြိုး၊ လက်ကောက် ၂ ခုပေါင်း ရွှေ ၅ ကျပ်သားခန့်နဲ့ ငွေကျပ် ၈၉ သိန်း လုယက်သွားတယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက မကြာခဏ လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိရာ ခိုဆိုးလုနှိုက်တွေနဲ့ မူးယစ်ဆေးသမားတွေ အများဆုံး ပါဝင်လေ့ရှိပြီး ရန်ကုန်မြို့မှာ နေ့စဉ် ခိုးမှုလုယက်မှုတွေ ဖြစ်နေပေမယ့် ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးနိုင်တာ နည်းပါးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
MK-005