မဲခေါင်၊ အောက်တိုဘာ ၉
ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက စပြီး စစ်ကောင်စီက ပြည်သူတွေ နေထိုင်တဲ့ လူနေ ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လက်ရှိ ပစ်ခတ်နေတဲ့ လက်နက်ကြီးဟာ ၆၀ မမလို့ ခန့်မှန်းရပြီး လူနေရပ်ကွက်တွေထဲ ကျရောက် ပေါက်ကွဲ နေတာကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး လူထိခိုက်မှု ရှိမရှိကိုတော့ စုံစမ်းနေဆဲလို့ သူကဆိုပါတယ်။
“ဒီမနက် ၆ နာရီလောက်က စပစ်တာ။ ပစ်တာတော့ သူတို့ (စစ်ကောင်စီ) ခြေကုပ်ထားတဲ့ ပွဲကုန်းတို့၊ စည်ကား ဘက်တွေက ဖြစ်မယ်။ ဘယ်ကပစ်လဲတော့ မသိဘူး။ မြို့ထဲ ရမ်းပစ်နေတာ။ တစ်လုံးပြီး တစ်လုံးပဲ” လို့ သူကရှင်းပြပါတယ်။
မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲ မဖြစ်တာ ၃ လခန့်ရှိနေပြီ ဖြစ်ပေမဲ့ စစ်ကောင်စီက အခုလို လက်နက်ကြီးတွေနဲ့ လူနေရပ်ကွက်တွေကို မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မိုးဗြဲမြို့ပေါ်မှာ ဧပြီလကုန်က မြို့တွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေး တိမ်းရှောင် ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၃ လခန့်ကစပြီး တိုက်ပွဲ မရှိတော့လို့ ဒေသခံတွေ ပြန်လည် နေထိုင်နေတာ ဖြစ်ပါတယ်။
တိုက်ပွဲ မဖြစ်ပေမဲ့ စစ်ကောင်စီက မိုးဗြဲမြို့ပေါ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာနဲ့ ခြေကုပ်ယူထားတဲ့ နေရာတွေကို ဖြတ်သန်းသွားလာတဲ့ ပြည်သူ ၃၀ ထက်မနည်းကို သတ်ဖြတ်တာတွေ ပြုလုပ်ထားတယ်လို့ မိုးဗြဲ PDF က ပြောဆိုထားပါတယ်။
အခုလို ပစ်ခတ်နေတာကြောင့် မြို့တွင်း တိုက်ပွဲတွေ ပြန်လည် ဖြစ်လာနိုင်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မိုးဗြဲ PDF တာ၀န်ရှိသူတွေကို မဲခေါင်သတင်းဌာနက ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။
လက်ရှိ မိုးဗြဲ-လွိုင်ကော်-လွိုင်လင်လေးလမ်းမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူတွေ သတိထား သွားလာကြဖို့ ကရင်နီ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။
MK-007
#MekongNews
#မိုးဗြဲမြို့
#လက်နက်ကြီး