မဲခေါင်၊ မတ် ၄
မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ ဆိုတဲ့ ငွေချေး လုပ်ငန်းတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေ ဖမ်းဆီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
မင်းဘူးမြို့နယ်မှာ PDF အနောက်ပိုင်းတိုင်း တပ်ခွဲက နယ်မြေ ရှင်းလင်းစဉ် စစ်ကောင်စီနဲ့ ပတ်သက် ဆက်နွယ်နေတယ်လို့ ဆိုတဲ့ ငွေချေး လုပ်ငန်းတွေဖြစ်တဲ့ Pact ပက်(စ်) မြန်မာနဲ့ BG Microfinance ငွေချေး လုပ်ငန်းတွေကို စစ်ဆေးမေးမြန်းခဲ့ပြီး အဆိုပါ လုပ်ငန်း ၂ ခုဆီက စာရွက်စာတန်းတွေ၊ Mytel ဆင်းကဒ်တွေ၊ ကုမ္ပဏီပိုင် ဖုန်း ၄ လုံးနဲ့ ငွေကျပ်သိန်း ၅၀ ကျော် သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခဲ့တဲ့ လုပ်ငန်း ၂ ခုက ဝန်ထမ်း အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား ၃ ဦးကိုတော့ နောက်နောင် ပြည်သူတွေဆီက ချေးငွေတွေ ပြန်လည် မကောက်ခံဖို့ သတိပေးပြီး ပြန်လွှတ်ပေးကာ သိမ်းဆည်းခဲ့တဲ့ စာရွက်စာတမ်း တွေကိုတော့ မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။
မင်းဘူးမြို့နယ်မှာ စစ်တပ် ထုတ်ကုန်တွေ၊ စစ်တပ်နဲ့ ပတ်သက်မှုရှိတဲ့ ချေးငွေ လုပ်ငန်းတွေကို ပြည်သူတွေ ခက်ခဲနေတာကြောင့် တော်လှန်ရေး ကာလအတွင်း ပိတ်ပင်ထားတာ ဖြစ်ပြီး မလိုက်နာတဲ့ အတွက် ယခုလို ဖမ်းဆီးရတာ ဖြစ်တယ်လို့ သိရပါတယ်။
MK-007