မဲခေါင်၊ ဩဂုတ် ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန်ပုတ်ကျေးရွာကို ရှမ်းနီအမျိုးသားများ တပ်မတော်-SNA က ဒီကနေ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီခန့်က နန့်ပုတ်ကျေးရွာမှာ ဒေသဈေး လူစည်ကားချိန်မှာ SNA က လက်နက်ကြီး ၆၀ မမနဲ့ ၂ ချက် ပစ်ခတ်ခဲ့ရာ အမျိုးသမီး သူနာပြုတစ်ဦး၊ ဒေသခံ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား ၅ ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
“ဟိုရက်က အုပ်ကြီးတွေခေါ်ပြီး ခြိမ်းခြောက်သေးတယ်။ သူတို့ (SNA) ပြောတာ မလိုက်နာရင် ပစ်မယ်ပေါ့ဗျာ။ ပြန်ပြောတာတော့ ဘာတဲ့ မင်းတို့ရွာက တစ်ချက်စာတောင် မရှိဘူးလို့ ပြောတယ်” လို့ ဒေသခံ တစ်ဦးက ရှင်းပြပါတယ်။
ဒီလို ခေါ်ယူ သတိပေးပြီးနောက် အစည်းအဝေး ခေါ်တာကို ဒေသခံတွေ မလာတာကြောင့် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးစ ထိမှန်တဲ့ ပြည်သူ ၇ ဦး စိုးရိမ်ရတဲ့ အနေအထား မဟုတ်ပေမဲ့ SNA က လက်နက်ကြီးနဲ့ ထပ်မံ ပစ်ခတ်မှာ စိုးရိမ်လို့ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ နန့်ပုတ်ကျေးရွာ အနောက်ခြမ်း ဒေသမှာ SNA တပ်ဖွဲ့ တပ်စွဲထားပြီး အရှေ့ခြမ်းမှာ PDF တွေ တပ်စွဲထားကာ ကျေးရွာမှာ ရေမဆေးကျောက် ရှာဖွေသူတွေ အများဆုံး နေထိုင်ကြတာ ဖြစ်ပါတယ်။
ဒီလို လက်နက်ကိုင် တပ်ဖွဲ့ ၂ ခု တပ်စွဲထားတဲ့ကြားမှာ တည်ရှိတဲ့ ကျေးရွာကို ၂ ဖက် တပ်ဖွဲ့၀င်တွေ စျေးလာ၀ယ်လေ့ရှိရာ ကျေးရွာ တာ၀န်ရှိသူတွေကို SNA ဘက်ကခေါ်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေး၀ယ်လာပါက မရောင်းချဖို့ သတိပေးထားတယ်လို့ သိရပါတယ်။
SNA ဟာ ဒေသတွင်း စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး တော်လှန်ရေး တပ်ဖွဲ့တွေကို တိုက်ခိုက်နေတယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။
MK-007
#MekongNews
#ဖားကန့်
#SNA
#လက်နက်ကြီး