မဲခေါင်၊ စက်တင်ဘာ ၂၇
ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီက ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာထဲမှာ တပ်စွဲထားပြီး နယ်မြေချဲ့ထွင်ဖို့ ကြိုးစားလာတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလလယ် ကစပြီး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
“နန်းဖဲကို ဆင်းပြီးတော့ သူတို့ ( စစ်ကောင်စီ) စစ်ကြောင်းကို ပြန်ကူနေတာပေါ့နော်။ နန်းဖဲမှာ ထိုင်ထားတာပေါ့။ အဲ့တော့ ဖရူဆိုကနေ ဘောလခဲ တစ်ကြောမှာတော့ ပွဲရှိတယ်။ လောလောဆယ်တော့ ဒီလောက်ပဲ ဖြေလို့ရပါဦးမယ်” လို့ သူကရှင်းပြပါတယ်။
ဖရူဆို-ဘောလခဲကြားမှာ စစ်ကောင်စီနဲ့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တို့ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး ၂ ဖက် ထိခိုက်မှုကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲတွေ အတွင်း စစ်ကောင်စစ် အင်အား ၂၀၀ ထက်မနည်း အသုံးပြုနေသလို လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာ ဒေသကို ပြည်သူတွေ လုံး၀ ဖြတ်သန်းသွားလာမှု မပြုဖို့ တော်လှန်ရေး အင်အားစုတွေက မေတ္တာရပ်ခံ ထားပါတယ်။
ကရင်နီပြည်နယ်မှာ စက်တင်ဘာ လဆန်းပိုင်းက စပြီး စစ်ကောင်စီက နေရာတစ်နေရာကို ခြေကုပ်ယူကာ နယ်မြေချဲ့ထွင်ဖို့ ကြိုးစားတဲ့ ဗျူဟာကို ကျင့်သုံးနေပြီး စစ်ကြောင်းငယ်တွေ အမြောက်အများခွဲကာ စစ်ကြောင်းထိုးတာတွေ မလုပ်တော့ဘူးလို့ ကရင်နီ တော်လှန်ရေး အင်အားစုတွေနဲ့ နီးစပ်သူ တစ်ဦးက သုံးသပ် ပြောဆိုပါတယ်။
MK-007
#MekongNews
#ဖရူဆို_ဘောလခဲ
#တော်လှန်ရေးတပ်
#တိုက်ပွဲ