မြန်မာနိုင်ငံ အတွင်း လုံခြုံမှု မရှိတော့တာ၊ စီးပွားရေး ကျဆင်းမှုကြောင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ပျောက်ဆုံးတာ စတဲ့ အကြောင်း မျိုးမျိုးကြောင့် နိုင်ငံ စွန့်ခွာကြရာမှာ အများစုက ထိုင်းနိုင်ငံသို့ သွားရောက်တယ်လို့လည်း ဖော်ပြထားပါတယ်။
ပြည်ပကို ထွက်ခွာကြသူတွေ အပြင် ပြည်တွင်းမှာလည်း နေရာစွန့်ခွာ ထွက်ပြေးနေရသူတွေ များပြားလာရာ စစ်တပ် အာဏာသိမ်းချိန်က စပြီး ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ဦးရေဟာ ၁ သန်းကျော်ရှိလာပြီ ဖြစ်ပြီး စစ်ကိုင်းတိုင်း တစ်ခုထဲမှာတင် လူဦးရေ ၆ သိန်း ရှိတယ်လို့လည်း သိရပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်အတွင်း ဒုက္ခသည်တွေ ထပ်မံတိုးလာနိုင်ပြီး လူသားချင်း စာနာမှုဆိုင်ရာ အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ IOM က ခန့်မှန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေ ဆက်ပြီးတော့ အခက်အခဲ ကြုံတွေ့ရဦးမှာဖြစ်ပြီး ကိုဗစ် ကုသမှုနဲ့ ကာကွယ်မှုတွေလည်း အခက်အခဲတွေ ရှိနေတဲ့ အတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတွေ ပိုများလာမယ်လို့ သတိပေးပါတယ်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကြောင့် အကြမ်းဖက် ဖိနှိပ်မှုတွေ လုံခြုံမှုကင်းမဲ့တဲ့ အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ IOM က ခန့်မှန်းထားပါတယ်။