မဲခေါင်၊ မတ် ၂၀
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ပထမပတ်မှ စတင်ကာ အင်အား ၄၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့တွေ ကျေးရွာ စေတီနဲ့ စာသင်ကျောင်းမှာ လာရောက် တပ်စွဲထားတာကြောင့် ကျေးရွာ အတွင်း တိုက်ပွဲနဲ့ သတ်ဖြတ်မှုတွေ ဖြစ်မှာကို ဒေသခံတွေ ကြောက်ရွံ့ နေကြတာ ဖြစ်ပါတယ်။
အခုလို စစ်တပ်က ကျေးရွာနဲ့ သာသနာ့ အဆောက်အအုံမှာ တပ်စွဲထားတာကို ဒေသခံတွေ နှစ်သက်မှု မရှိလို့ ပြောင်းရွှေ့စေလိုကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“တိုက်ပွဲက ဒီဘက်ကျေးရွာ အတွင်းပါ ဖြစ်မှာကို စိုးရိမ်နေတယ်။ တစ်ချို့ဆို ပြေးရရင် အသင့်ယူသွားစရာရှိတာ ယူသွားလို့ရအောင် ပြင်ဆင်ထားကြတယ်” လို့ ဒေသခံ တစ်ဦးက ပြောသည်။
အခုလို ဘာသာရေးနဲ့ ပညာရေး အဆောက်အအုံမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်မှာ လက်အောက်ခံ PNO ပြည်သူ့စစ်ကို မတွေ့ရပေမယ့် PNO တပ်တွေ ကျေးရွာအတွင်း မကြာခဏ ဝင်ရောက်လေ့ ရှိတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
နမ့်ဖါမူကျေးရွာဟာ လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ ပင်းလောင်းမြို့နယ် ဆောင်းပြောင်းဒေသနဲ့ နီးကပ်ပြီး လွိုင်ကော်- တောင်ကြီး ပြည်ထောင်စု ကားလမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။
ဒါ့အပြင် ဂျာမနီမှ ဖောက်လုပ်ပေးထားတဲ့ နာမည်ကျော် နောင်ပီ-နမ့်ဖါမူ ဂျာမနီ လမ်းမပေါ်မှာ တည်ရှိပြီး အချက်အချာကျတဲ့ ဒေသ ဖြစ်ပါတယ်။
CJ-002