မဲခေါင်၊ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး-PDF တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၂၀ ၀န်းကျင် သေဆုံးခဲ့တယ်လို့ မန္တလေး- PDF က မနေ့ အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA နဲ့ ပူးပေါင်း လုပ်နေတဲ့ ကနောင် စစ်ဆင်ရေးရဲ့ အစိတ်အပိုင်း အဖြစ် ဒိုးပင်ကျေးရွာအနီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲ အတွင်း စစ်ကောင်စီတပ် သေဆုံးမှုများကာ ဒဏ်ရာသူ ၃၀ ဦးခန့်ရှိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ ဒိုးပင်ကျေးရွာအနီး စစ်ကောင်စီတပ်သား အလောင်း ၆ လောင်း တွေ့ရှိလို့ ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ PDF က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာ ဒိုးပင်ကျေးရွာအနီးရှိ ဟိုခိုကျေးရွာခံ တစ်ဦးက “ တိုက်ပွဲဖြစ်သံတော့ ကြားတယ်။ စစ်တပ်လည်း အပြုံလိုက် သေတယ်။ မနေ့လည်း အဲဘက်မှာ တိုက်ပွဲ ဖြစ်တယ်လို့ ကြားတယ်” လို့ ပြောပါတယ်။
ဟိုခိုကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒိုးပင်ကျေးရွာ လမ်းတစ်လျှောက်မှာ လုံခြုံရေးယူနေတဲ့ မန္တလေး- PDF တပ်စခန်းကို ထိုးစစ်ဆင်လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သူက ဆက်ပြောပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီ ဝန်းကျင်ကနေ ညနေပိုင်း ၈ နာရီ ဝန်းကျင်အထိ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲ အတွင်း မန္တလေး- PDF ရဲဘော် ၃ ဦးလည်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းကစပြီး ကနောင်စစ်ဆင်ရေး အဖြစ် TNLA နဲ့ မန္တလေး-PDF ပူးပေါင်းတပ်တို့ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှု များပြားနေပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ PDF ကပြောဆိုထားပါတယ်။။
CJ-014
#MekongNews
#နောင်ချိုမြို့နယ်
#TNLA_PDF
#ကနောင်_စစ်ဆင်ရေး