မဲခေါင် ၊ ဒီဇင်ဘာ ၂၅
တစ်လကျော်ကြာမြင့်တဲ့ နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားပြည်သူ ၁၄ ဦးသေဆုံးပြီး ၂၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က သတင်းထုတ်ပြန်ပါတယ်။
နမ့်ခမ်းမြို့တွင်း တိုက်ပွဲဖြစ်ပွားစဉ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားများရှိရာကို ဦးတည်ပြီး လေယာဉ်နဲ့ဗုံးကြဲခြင်း ၊ ကလပ်စတာဗုံးအသုံးပြုခြင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နမ့်ခမ်းပြည်သူများ ကလေးငယ် ၄ ဦးအပါအဝင် အရပ်သားပြည်သူ ၁၄ ဦးသေဆုံးခဲ့ရတာဖြစ်တယ်လို့ TWO ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူနေအိမ် ၁၂၇ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်လို့ TWO က ဆိုပါတယ်။ အဲ့ဒီပျက်စီးသွားတဲ့နေအိမ်တွေဟာ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၆ ရွာနဲ့ ရပ်ကွက် ၈ ရပ်ကွက်က နေအိမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘာသာရေးအဆောက်အဦး ၈ လုံး စာသင်ကျောင်း ၄ ကျောင်း ဆေးရုံ ၁ ရုံ နဲ့ ခန်းမ ၁ ခုတို့လည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
အခုထုတ်ပြန်ချက်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတို့အကြား တစ်လကျော်ကြာမြင့်တဲ့အထိ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နမ့်ခမ်းမြို့သိမ်းတိုက်ပွဲအတွင်း လူအခွင့်အရေးချိုးဖော်မှုများကို တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ အနီးကပ်စောင့်ကြည့်ခဲ့ပြီး မှတ်တမ်းတင်လုပ်ငန်းစဉ်များကိုပြုလုပ်ပြီး ထုတ်ပြန်တာဖြစ်တယ်လို့ TWO ကဆိုပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး တိုက်ခိုက်ခြင်း လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံးတာ နဲ့ ဘာသာရေးအဆောက်အဦးများ စာသင်ကျောင်းများ ဆေးရုံဆေးပေးခန်းများ ပြည်သူတွေရဲ့ အိုးအိမ်များ ပျက်စီးခဲ့ရတာတွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်း တအာင်းတပ်မတော် – TNLA နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ဟာ အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်ပြီးတိုက်ပွဲဖြစ်ပွားခဲ့ရာမှ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ နမ့်ခမ်းမြို့ကို TNLA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
CJ002
#MeKongNews
#နမ့်ခမ်း
#စစ်ကောင်စီ
#မြို့သိမ်း
#တိုက်ပွဲ
#အရပ်သား