မဲခေါင်၊ မတ် ၂၀
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ မတ်လ ၂၀ ရက်၊ မနက်ပိုင်းက ကျောက်ကြီးမြို့မှ နတ်သံကွင်းဘက်သို့ မောင်းနှင်လာတဲ့ ခရီးသည်တင် ဝင်းရတနာ ကားဟာ ညောင်ကုန်း တံတားဘက် အရောက် မိုင်းနင်းမိပြီး ပေါက်ကွဲမှု ဖြစ်ခဲ့လို့ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေ ဖြစ်ပွားခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ အားလုံး ထိခိုက်မိတာ ၅ ယောက်ထိတယ်။ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး တစ်ယောက် နေရာမှာသေသွားတယ်။ အမျိုးသား ၂ ယောက်ကတော့ ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ပို့ ထားရတယ်” လို့ သူကပြောပါတယ်။
ဒီမိုင်းကို ဘယ်လက်နက်ကိုင် အဖွဲ့က ထောင်ထားတာလဲ ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
MK-005