မဲခေါင်၊ မတ် ၂၂
ကရင်ပြည်နယ်၊ ခလယ်လွီခရိုင်-ညောင်လေးပင်ခရိုင်၊ ဆောထိနဲ့ လယ်ဒိုမြို့နယ်အတွင်း မတ်လ ၂၀ ရက်က လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မူလတန်းကျောင်း အပါအဝင် နေအိမ် ၅ လုံးပျက်စီးပြီး ဒေသခံပြည်သူ ၃,၁၉၅ ဦး စစ်ဘေးရှောင် နေရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဗဟိုက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဆောထိနဲ့ လယ်ဒိုမြို့နယ်အတွင်း မတ်လ ၂၀ ရက် ညနေပိုင်းမှာ စစ်တိုက်လေယာဉ်တွေ ၉ ကြိမ်လာရောက်ကာ ဗုံး ၂၈ လုံး ကြဲခဲ့လို့ မူလတန်းကျောင်း တစ်ကျောင်း၊ နေအိမ် ၅ လုံး မီးလောင်ပျက်စီးပြီး ပြည်သူ တစ်ဦး ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို တိုက်လေယာဉ်တွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လို့ ကျေးရွာ ၂၁ ရွာနေ ဒေသခံ ပြည်သူတွေ စစ်ဘေး တိမ်းရှောင် နေရတယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ကရင်ပြည်နယ်က ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး အကြမ်းဖက် မီးရှို့ဖျက်ဆီးတာ၊ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံ ပြည်သူ သိန်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့တွေက ပြောပါတယ်။
MK-007