မဲခေါင်၊ ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေက အရပ်ဝတ်တွေနဲ့ စုံစမ်းထောက်လှမ်းနေတယ်လို့ တော်လှန်ရေးအင်အားစုသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ညောင်ရွှေမြို့ပေါ်နဲ့ မြို့နီးစပ်ရွာတွေမှာ အရပ်ဝတ်တွေနဲ့ စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေဟာ ကုန်လမ်းသာမက ရေလမ်းမှာပါ ခေါက်တုန့်ခေါက်ပြန် ကင်းလှည့်ထောက်လှမ်းနေတယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ ကုန်လမ်းပိတ်ဆို့ပြီး စစ်တာအပြင် ရေလမ်းကိုပါ ခေါက်တို့ခေါက်ပြန် လှည့်ပတ်သွားနေသလို ခေါင်တိုင်နဲ့စံကားဖက် မှာ တရပ်စပ်ပိတ်ဆို့ထားတယ်။ ယူနီဖောင်းနဲ့မဟုတ်ပဲ အရပ်ဝတ်သီးသန့်နဲ့ကို ထောက်လှမ်းနေတာပါ။ ထပ်ဖမ်းခံရတယ်တော့ မကြားသေးဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီအထိုင်ချထားတဲ့ ကျေးရွာချင်းဆက်လမ်းမကြီးတချို့မှာ ဒေသခံပုံစံမဟုတ်သူ(ခရီးသွား)တွေနဲ့ ကျောပိုးအိတ်၊ လွယ်အိတ်ပါလာတဲ့ လူငယ်လူရွယ်တွေကို ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ဟဲဟိုး-တောင်လေးလုံး (ခေါင်တိုင်)လမ်းခွဲကနေ သန်းထောင်ရွာအကျော် တောင်ဖက် ပေါင်းပိန်းရွာအထိ ရက်အတန်ကြာလမ်းပိတ်ထားပြီး အခုချိန်မှာတော့ ပြန်လည်ဖွင့်လှစ်ထားပေမယ့် စစ်ဆေးမှုတွေ တင်းကြပ်ထားတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က ညောင်ရွှေမြို့နယ် အနောက်ဘက်၊ ညောင်ရွှေ-ခေါင်တိုင် လမ်းပေါ်မှာရှိတဲ့ သန်းထောင်ရွာနဲ့ ဘုရားနီရွာကြားမှာ ရှမ်းတောင် PDF နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
MK-008
#MeKongNews