မဲခေါင်၊ ဇန်နဝါရီ ၁၇
ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်ဆွဲပြီး ဘယ်ဘက်လက်နဲ့ လူထု အသက်အိုးအိမ် စည်းစိမ် ကာကွယ်ရေးမူကို ကိုင်ဆွဲသင့်တယ်လို့ ယာယီ သမ္မတဒူဝါလရှီးလ က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ မနက် ၁၀ နာရီမှာ ကျင်းပတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ (၃) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့တာပါ။
NUG အစိုးရ အနေနဲ့ စစ်ကောင်စီကို ချေမှုန်းပစ်ရေးဟာ ပထမ ဦးစားပေး ဖြစ်သလို၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရေးဟာလည်း ပထမ ဦးစားပေး ဖြစ်တယ်ဆိုတာကို သတိပြုကြဖို့ ဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။
“ ဒါဟာ NUG အစိုးရ အနေနဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ကိုင်တာ မဟုတ်ပါဘူး။ NUG အစိုးရရဲ့ ဖြစ်တည်မှု ကိုယ်၌က ပြည်သူလူထုရဲ့ အကျိုးစီးပွား အပေါ်မှာ အခြေခံပြီး နွေဦးတော်လှန်ရေးကို ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ညာဘက်လက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးမူကို ကိုင်စွဲပြီး ဘယ်ဘက်လက်နဲ့ လူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးမူကို ကိုင်စွဲသင့်တယ်လို့ ယူဆပါတယ်” လို့ သူက ပြောပါတယ်။
NUG အစိုးရ အနေနဲ့ တစ်ဖက်မှာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းဖို့ ခုခံတော်လှန်စစ် ဆင်နွှဲပြီး တိုက်ပွဲဝင်နေ သလို တစ်ဖက်မှာလည်း ပျက်စီးယိုယွင်းနေတဲ့ လူမှုဘဝ အခြေအနေကို လူထု အတွက် ပြန်လည်တည့်မတ်ဖို့ ကြိုးစားနေရပါတယ်လို့ သူက ထပ်မံ ပြောကြားပါတယ်။
လက်ရှိ နိုင်ငံအတွင်းက အခြေအနေတွေကို ခြုံငုံ ကြည့်ပါက စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူလူထုတွေ အမြောက်အမြား ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အမြား ရှိနေပါတယ်လို့ သမ္မတက ပြောပါတယ်။
“ ဒါဟာ ကျွန်တော့်အနေနဲ့ ဒုက္ခရောက်တဲ့ ပြည်သူလူထုကို ကရုဏာသက်ပြီး အခြားတစ်ဖက်ကိုတော့ အပြစ်တင်နေတာ မဟုတ်ပါဘူး။ ပဋိပက္ခဒဏ် ကြာညောင်းလာတာနဲ့ အမျှ၊ လူတန်းစား ကွာဟလာတဲ့ အခြင်းအရာတစ်ခုကို ထောက်ပြတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ တော်လှန်ခုခံနေတဲ့ သူတွေလည်း ရှိနေသလို တခြားတစ်ဖက်မှာလည်း ရှင်သန်ရပ်တည်ရေး အတွက် ရုန်းကန်နေကြရတာ တွေလည်း ရှိပါတယ်။ ဒါဟာ လက်ရှိ ပြည်သူလူထု အတွင်းက ဖြစ်ရပ်တချို့ကို ကျွန်တော်တို့ NUG အစိုးရ အဖွဲ့ဝင်တွေ သတိထားမိ စေချင်တာ ဖြစ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။
ဒါအပြင် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ နေရာမှာ သက်ဆိုင်ရာ ခေါင်းဆောင်တွေ အနေနဲ့ မဟာဗျူဟာအရ မှန်ကန်ရေး၊ နည်းဗျူဟာအရ မှန်မှန်ကန်ကန်ဖြစ်ရေး သတိပြုကြဖို့နဲ့ ပြည်သူလူထု တစ်ရပ်လုံးနဲ့အတူ ရပ်တည်ပြီး အကြမ်းဖက် စစ်အုပ်စုကို ဖြုတ်ချနိုင်ဖို့ ဆက်လက်အားတင်းရင်း ကြိုးပမ်းကြဖို့လည်း ယာယီသမ္မတက တိုက်တွန်း ပြောကြားထားပါတယ်။
MK-003