မဲခေါင်၊ ဇန်နဝါရီ ၂၀
ကန့်ဘလူမြို့နယ်၊ ဇာဒီရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ထိခိုက်မှု များနိုင်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မနေ့က ညနေ ၃ နာရီ ၃၈ မိနစ်မှာ ကန့်ဘလူမြို့နယ် ဇာဒီရွာမှာ စခန်းချထားတဲ့ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေက ၆၀ မမ ၂ လုံး၊ ၁၂၀ မမ ၅ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဘက်ကလည်း လက်နက်ကြီး ၂ ချက် ပြန်လည် ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်မှ အထိအခိုက် သေဆုံးမှု ရှိနိုင်ကာ ဒေသခံ ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ညီနောင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကို Kanbalu Underground Warriors၊ MPF U.18၊ ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့၊ မြေပြင်လှုပ်ရှား ညီနောင်များအဖွဲ့နဲ့ ကန့်ဘလူမြို့နယ် L-PDF မဟာမိတ်အဖွဲ့တွေ ပူးပေါင်း ပြုလုပ်ခဲ့တာလို့ မြေပြင် သတင်းပေးပို့ချက်တွေအရ သိရပါတယ်။
ဇာဒီရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချထားတာ ၅ လခန့် ကြာမြင့်နေပြီ ဖြစ်ပြီး ကျေးရွာနေ ပြည်သူလူထုနဲ့ အနီးအနား ဝန်းကျင်ရှိ ကျေးရွာမှ ပြည်သူတွေ အမြဲ စိုးရိမ်ထိတ်လန့် နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ လက်နက်အားကိုးနဲ့ ပြည်သူတွေ အပေါ် ခြိမ်းခြောက်ပြီး ပျူသင်တန်း တက်ခိုင်းတာ၊ အတင်းအဓမ္မ အခွန်ဆောင်ခိုင်းတာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။
MK-003