မဲခေါင်၊ မတ် ၉
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်အုပ်စု၊ လွယ်မွန်းကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA)က ဒရုန်းဝယ်ယူဖို့အတွက် ငွေကြေး အဓမ္မကောက်ခံနေတယ်လို့ ကျေးရွာနေပြည်သူတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ အစပိုင်းကတည်းက ကောက်ခံနေတာ ဖြစ်ပြီး ၁၂ ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမယ်လို့ PNA က ညွှန်ကြားထားတာကြောင့် ကျေးရွာနေ ပြည်သူတွေအနေနဲ့ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။
ကျေးရွာနေ အမျိုးသား တစ်ဦးက “ရွာအစည်းအဝေးမှာ ဆုံးဖြတ်ထားတာ။ ဘန်းယဉ်အုပ်စု တစ်ရွာမှ မလွတ်ဘူး။ ရွာလူကြီးကတဆင့် ကောက်ခိုင်းတာ။ ရွာလူကြီးလည်း မလွန်ဆန်ရဲဘူး။ အရှေ့တစ်ခေါက်က ကောက်ထားတာတောင် ကျနော်တို့ အကြွေးမကျေသေးဘူး။ ဒီလိုဆိုတော့ လွန်တာပေါ့”လို့ ပြောပါတယ်။
လွယ်မွန်းကျေးရွာအတွင်း ကားကြီး တစ်စီးကို ၂၀၀,၀၀၀ ကျပ်၊ ကားငယ်တစ်စီးကို ၁၀၀,၀၀၀ ကျပ်နဲ့ ကားမရှိတဲ့ အိမ်တွေကို ၅၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး ကျေးရွာနေပြည်သူတွေ အနေနဲ့ ငွေတိုးယူပြီး ပေးဆေင်ရမယ့် အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
မပေးဆောင်နိုင်တဲ့ နေအိမ်တွေကို PNA က စစ်မှုထမ်း ခေါ်ယူသွားမှာ ဖြစ်ပြီး နေအိမ် ချိတ်ပိတ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်လို့ ကျေးရွာနေ ပြည်သူတွေက ပြောပါတယ်။
တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲ၊ နောင်ကားကျေးရွာ အုပ်စုမှာလည်း မတ်လ ၁ ရက်နေ့တုန်းက ဒရုန်းနဲ့ စစ်ယူနီဖောင်း ဝယ်ယူဖို့ PNA က တစ်အိမ် ၅၀,၀၀၀ ကျပ်နှုန်းနဲ့ ကောက်ခံခဲ့ပါသေးတယ်။
CJ-007