မဲခေါင်၊ စက်တင်ဘာ ၁၇
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ စစ်ရှောင်စခန်း ၂ခုက စစ်ဘေးရှောင်ပြည်သူတွေကို စက်တင်ဘာလ ဒုတိယအပတ်အတွင်း အာဟာရ ကျွေးမွေးရာမှာ ချိုးဖြူတပ်ဖွဲ့က မြေပြင်ကနေ လုပ်အားနဲ့ ကူညီပေးခဲ့တယ်လို့ ချိုးဖြူတပ်ဖွဲ့ထံကနေ သိရပါတယ်။
ကရင်နီပြည်နယ်က ကန်နီကြီးစစ်ရှောင်စခန်းနဲ့ ရှမ်းပြည်နယ်က စလောင်းစစ်ရှောင်စခန်းမှာ ဝက်သားခေါက်ဆွဲကြော် ကျွေးမွေးပြီး တခြားလိုအပ်တာတွေ ကူညီပံ့ပိုးရာမှာ အစအဆုံး တာဝန်ယူ ချက်ပြုတ်ပေးခဲ့တယ်လို့ ချိုးဖြူတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ ကျွန်တော်တို့ ရှေ့တန်းနားတဲ့အချိန်လေးမှာ စစ်ဘေးရှောင် ကလေးငယ်တွေ ပျော်ရွှင်အောင်လို့၊ မငြိမ်းချမ်းသေးတဲ့ ဒီတိုင်းပြည်မှာ နေရတာ မငြီးငွေ့အောင်လို့ အလှူရှင်တွေ ကိုယ်စား လုပ်အားနဲ့ သွားရောက်ကူညီပေးဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ကန်နီကြီးစစ်ရှောင်စခန်းက စာသင်ကျောင်းမှာ ကျောင်းသားဦးရေ ၁၂၀ ကျော်ရှိပြီး ဆရာ ဆရာမ ၇ ယောက်က ပညာသင်ကြားနေကာ KG တန်းကနေ Grade 9 အထိ ပညာသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
စလောင်းစစ်ရှောင်စခန်းက စာသင်ကျောင်းမှာ ကျောင်းသားဦးရေ ၅၀ ကျော်ကို ဆရာ ဆရာမ ၅ ယောက်က ပညာသင်ကြားပေးနေပြီး KG တန်းကနေ Grade 5 အထိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ဘေးရှောင် ပြည်သူတွေအတွက် အခက်အခဲတွေများစွာ ကြုံတွေ့နေရပြီး အလိုအပ်ဆုံးကတော့ စားနပ်ရိက္ခာဖြစ်ပြီး ကလေးတွေပညာရေးအတွက်လည်း သင်ထောက်ကူတွေ စာရေးကိရိယာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ချိုးဖြူတပ်ဖွဲ့က ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက်က တိုက်ပွဲတွေမှာ မြေပြင်တိုက်ခိုက်ရေးအပြင် ဒရုန်းနဲ့ မစ်ရှင်ဖော်ဆောင်ရာမှာလည်း ပါဝင်တိုက်ခိုက်နေပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ကူညီရာမှာလည်း ငွေအားကော လူအားကော ပါဝင်ကူညီပေးနေတဲ့ဖြစ်ပါတယ်။
CJ – 004
#MeKongNews
#ချိုးဖြူတပ်ဖွဲ့
#ကရင်နီ
#စစ်ဘေးရှောင်