မဲခေါင်၊ စက်တင်ဘာ ၁
ကရင်အမျိုးသား အစည်းအရုံး အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်-ညောင်လေးပင်ခရိုင် ထဲမှာရှိတဲ့ မူး (မုန်း) မြို့နယ်နဲ့ ဆောထိ(ရွှေကျင်) မြို့နယ်က ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မုန်းမြို့နယ်၊ သစ်ချဆိပ်ကျေးရွာ အနီး KNLA ပူးပေါင်းတပ်တွေနဲ့ စစ်တပ် တိုက်ပွဲ ဖြစ်ပြီးတဲ့နောက် စစ်တပ်က လေကြောင်းက ပစ်ခတ်ခဲ့တာကြောင့် အနီးဝန်းကျင် ကျေးရွာ ၈ ရွာက ပြည်သူတွေ နေရပ်စွန့်ခွာခဲ့ရတာပါ။
စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သစ်ချဆိပ်၊ ဖိုးသောစု၊ မျက်ရဲကရင်ရွာ၊ မျက်ရဲဗမာရွာ၊ တိုင်ပင်၊ ကျွန်းကုန်း၊ ဥသျှစ်ခင်နဲ့ ငလောက်တိုက် စတဲ့ ကျေးရွာ ၈ ရွာက အိမ်ခြေ ၇၄၁ လုံးမှာ နေထိုင်ကြတဲ့ လူဦးရေ ၅,၆၆၂ ဦးတို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရွှေကျင် မြို့နယ်မှာရှိတဲ့ ခမရ (၂၀) ဟာ ဟောင်ဝစ်ဇာ ၁၂၂ မမ လက်နက်ကြီးတွေနဲ့ ပြည်သူတွေ နေထိုင်တဲ့ ရပ်ကွက်တွေကို ပစ်ခတ်တာကြောင့် အင်းဗလာကျေးရွာ ဦးကြည်သိန်း ရဲ့ လယ်ထဲကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့၊ မနက် ၁၁ နာရီဝန်းကျင်မှာလည်း ဆောထိမြို့နယ်၊ ထန်းတပင်ရထားလမ်းကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ချုံးအင်းကျေးရွာတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ ညားဖောလေးထူး ဆိုသူရဲ့ နေအိမ် ပျက်စီးခဲ့ပြီး သူ့ရဲ့ ညာလက်မောင်းကို လက်နက်ကြီး ကျည်စ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါထန်းတပင် ရထားကုန်းစစ်တပ်က မနေ့က ည ၇ နာရီခွဲမှာ လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ရာ ပျဉ်ရေ အနောက်ဘက်ခြမ်းနဲ့ ချုံအင်းကျေးရွာထဲ ကျရောက် ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ပစ်မှတ်ထားပြီး နေထိုင်တဲ့ နေရာဒေသတွေ၊ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေရှိတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ KNU က ဆိုထားပါတယ်။
MK-009
#MeKongNews
#ညောင်လေးပင်
#KNU
#လက်နက်ကြီး