မဲခေါင်၊ မတ် ၃
စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာက ပြည်သူ ၁၅ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး တရားမျှတမှုရဖို့ ကြိုးစားသွားမယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၁ ရက်တွင် စစ်ကောင်စီတပ်ဟာ မြင်းမူမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာတွေကို စီးနင်းခဲ့ပြီး တာတိုင်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုမိုက်ကယ် (ခေါ်) ကိုကျော်ဇော ကို ဖမ်းဆီးခဲ့ပြီး ခြေလက်တွေနဲ့ ခေါင်းဖြတ်သတ်ကာ ကျေးရွာနေ ဒေသခံ ပြည်သူ အမျိုးသမီးတွေ အပါအဝင် ၁၅ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အိမ်ခြေ ၇၅ အိမ်ရှိတဲ့ တာတိုင်ကျေးရွာကို မီးရှို့သွားခဲ့လို့ ကျေးရွာအတွင်းက ပြည်သူပိုင် အိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်စီး ခဲ့ရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရက “ ယခုကဲ့သို့ အရပ်သား ပြည်သူများ အပေါ် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်မှု ပြုလုပ်ခြင်းသည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှု များကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေး ဆိုင်ရာ ယန္တရားများထံ ပေးပို့ပြီး ဖြစ်သည်။ ကျူးလွန်သူ အဆင့်ဆင့်အား အပြစ်ပေး အရေးယူလျက် တရားမျှတမှု ဖော်ဆောင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်” လို့ ဆိုပါတယ်။
စစ်တပ် ဆန့်ကျင်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်း အတွင်း ကျေးရွာတွေကို စစ်ကောင်စီက နေ့စဉ် စစ်ကြောင်းထိုး မီးရှို့ ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူ သိန်းနဲ့ချီကာ စစ်ဘေး၊ မီးဘေး တိမ်းရှောင် နေရပါတယ်။
MK-007