မဲခေါင်၊ အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးက မုန်လိုင်ခတ် စစ်ဘေးရှောင် စခန်းကို ဗုံးကြဲ တိုက်ခိုက်လို့ ပြည်သူတွေ အစုလိုက် အပြုံလိုက် ထိခိုက် သေဆုံးရပြီးနောက် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA၊ တအာင်း TNLA၊ ရက္ခိုင် AA တို့က စစ်ကောင်စီ မိုက်တွင်းနက်ပြီး စစ်ရာဇ၀တ်မှု ကျူးလွန်နေတယ်လို့ အောက်တိုက်ဘာ ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
“ ဤကဲ့သို့ မိုက်တွင်းနက်နက်ဖြင့် ဆိုးဝါးစွာ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းခံရပြီး အသက်ဆုံးရှုံးခဲ့ရသော အပြစ်မဲ့ ပြည်သူလူထုများအတွက် မိမိတို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်ကြသော တအာင်း၊ ကိုးကန့်၊ ရက္ခိုင် အဖွဲ့အစည်းများမှ များစွာ ဝမ်းနည်းကြေကွဲရပြီး တရားမျှတမှုနှင့် အမှန်တရားရရှိရေးတို့အတွက် မိမိတို့အနေဖြင့် ကချင်ပြည်သူလူထု၊ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နှင့်အတူ တစ်သွေးတည်း တစ်သားတည်းရှိကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ မုန်လိုင်ခတ် စစ်ဘေးရှောင် စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ပြီး ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင် စခန်းနေ ကလေးသူငယ် ၁၀ ဦး အပါအဝင် ပြည်သူ ၂၈ ဦး အစုလိုက် အပြုံလိုက် တစ်ပြိုင်နက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော် ရှိခဲ့ပါတယ်။
အဲ့ဒီနေရာတွေဟာ စစ်ရေးပစ်မှတ် မဟုတ်ဘဲ စစ်ဘေးရှောင် ပြည်သူတွေ ခိုလှုံ နေထိုင်ကြတဲ့ စစ်ဘေးရှောင် စခန်းတစ်ခု ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာ လိုင်ဇာရှိ AA တပ်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ AA တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုင်ငံရေး၊ စစ်ရေးနဲ့ အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ပြည်သူတွေကို အငြိုးအတေး အာဃာတ ကြီးစွာနဲ့ လက်နက်ကြီးများနဲ့ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခြင်းတွေ ပြုလုပ်ပြီး မြန်မာနိုင်ငံရဲ့ နေရာ အနှံ့မှာ ပြည်သူတွေကို တရားလက်လွတ် သတ်ဖြတ်နေတယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှု များကို ပြောင်ကျကျ ကျူးလွန်ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CJ-002
#MekongNews
#ညီနောင်မဟာမိတ်
#မုန်လိုင်ခက်_စစ်ရှောင်စခန်း
#ဗုံးကြဲ