အဲဒီ ဥပဒေ အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် ဘတ်ဂျက် ကျပ် ၃,၇၀၀ ဘီလီယံကျော် သုံးစွဲခွင့် ရထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနဟာ ငွေကျပ် ၄၄၀ ဘီလီယံကျော် ထပ်မံ ရရှိမှာ ဖြစ်ပြီး ကျပ်ဘီလီယံ ၈၀၀ ကျော် သုံးစွဲခွင့် ရရှိထားတဲ့ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ကျပ် ၁ ဒသမ ၂ ဘီလီယံ ဝန်းကျင်သာ ထပ်မံ ရရှိမှာ ဖြစ်လို့ အဆ ၃၅၀ ကျော် ကွာဟနေပါတယ်။
ဒီပြဋ္ဌာန်းချက်ဟာ လက်ရှိ ဘဏ္ဍာရေးနှစ်မှာ သက်ရောက်မှာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ဝန်ကြီးဌာနတွေနဲ့ ဦးစီးဌာန ၃၁ ခု အတွက် ငွေကျပ် ၁,၁၀၀ ဘီလီယံကျော် ထပ်မံ ချထားပေးရာမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေကျပ် ၃၃၀ ဘီလီယံကျော်နဲ့ ဒုတိယအများဆုံး ထပ်တိုး ရရှိထားပါတယ်။
လက်ရှိ ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန အတွက် ဘတ်ဂျက် ကျပ်၂,၁၀၀ ဘီလီယံကျော်သာ သတ်မှတ်ထားလို့ NLD အစိုးရ လက်ထက် ဘတ်ဂျက်ထက် ကျပ် ဘီလီယံ ၇၀၀ လျှော့နည်းပြီး ထပ်တိုး ဘတ်ဂျက်အဖြစ် ကျပ် ၉၇ ဘီလီယံကျော်သာ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနဲ့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့အတွက် စုစုပေါင်း ကျပ် ၄ ဘီလီယံကျော် ထပ်တိုး သုံးစွဲခွင့်ပြုထားပါတယ်။
နိုင်ငံတဝှမ်း တော်လှန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီ အနေနဲ့ ရုရှနိုင်ငံမှာ တိုက်လေယာဉ်တွေ အပါအဝင် စစ်လက်နက်တွေ အများအပြား ဝယ်ယူနေတာကြောင့် ဒေါ်လာ လိုအပ်ချက် မြင့်တက်ပြီး ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အခုလို ဘတ်ဂျက် ထပ်မံ တိုမြှင့် သုံးစွဲခွင့် ပေးတာလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။