မဲခေါင်၊ သြဂုတ် ၂၂
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးအဖွဲ့နဲ့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တို့ သြဂုတ် ၂၀ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ရှေ့ပြေးအဖွဲ့မှ တပ်စိပ်မှူး ၁ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးအဖွဲ့မှာ အင်အား ၂၅ ယောက်ခန့်ပါပြီး နွားခြံကုန်းရွာ တောပြင်ကိုရောက်ရှိစဉ်မှာ ULF (တပ်ပေါင်းစု) ကင်းပုန်းနဲ့တွေ့ပြီး တိုက်ခိုက်ပွဲဖြစ်ရာကနေ စစ်ကောင်စီဘက်က ၁ ယောက်သေ ၁ ယောက်အရှင်မိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“တိုက်ပွဲထဲမှာ ဖမ်းမိတာဆိုတော့ သွေးထွက်လွန်လို့ ဆေးကုပေးနေရတယ်ဗျ” လို့ ULF (တပ်ပေါင်းစု) က မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဖမ်းမိတဲ့ စစ်ကောင်စီရဲ့ တပ်စိပ်မှူးထွန်းဝင်းဟာ နမခ(အနောက်မြောက်တိုင်း စစ်ဌာနချုပ်) ရဲ့ တပ်ရင်းကဖြစ်ပြီး ၄၀ မမ ဗုံးသီး ၂ လုံး၊ ကျည် ၂၅၀ နဲ့ ကျည်ဘောက် ၂ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ တပ်ပေါင်းစုဘက်က ပြောပါတယ်။
ULF (တပ်ပေါင်းစု)နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေဟာ စစ်ကိုင်းတိုင်း၊ ကနီ၊ ယင်းမာပင်မြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေကို မကြာခဏတိုက်ခိုက်လေ့ ရှိပါတယ်။
#MeKongNews
#ULF
#တပ်ပေါင်းစု
#ကနီ
#နွားခြံကုန်း