မဲခေါင်၊ သြဂုတ် ၂၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထန်းတောဆိပ်ရွာကို စစ်ကောင်စီတပ်က မနေ့ သြဂုတ် ၂၂ ရက်နေ့မှာ စီးနင်းပစ်ခတ်တာကြောင့် PDF ၄ ဦးနဲ့ ကျေးရွာသား ၁ ဦးသေဆုံးပြီး ၇ ဦး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ် ၂၂ ရက် နံနက်စောစောမှာ ထန်းတောဆိပ်ရွာကို ရောက်လာပြီးနောက် ကင်းစောင့်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
သတ်ဖြတ်ခံလိုက်ရတဲ့ ကင်းသမား ၂ ဦးရဲ့ အလောင်းကို ကောက်ယူဖို့ သွားစဉ်မှာ စစ်ကောင်စီရဲ့ကင်းပုန်းနဲ့တွေ့ပြီး စက်သေနတ်နဲ့ ပစ်ခတ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ကျေးရွာသား ၁ ဦးတို့ ထပ်မံကျဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ထန်းတောဆိပ်ရွာသားတွေဟာ ရွာအတွင်းမနေထိုင်ကြတော့ဘဲ နီးစပ်ရာနေရာတွေမှာ ပုန်းခိုနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရွာကို မီးရှို့သွားပြီလို့ ထင်ပေမယ့် တကယ်တမ်းမှာ ရွာအပြင်တလင်းထဲက တဲ ကိုသာ မီးရှို့ဖျက်ဆီးသွားကြတယ်လို့ ဒေသခံက ပြောပါတယ်။
“တောထဲကနေ လှမ်းကြည့်တော့ မီးခိုးတွေထွက်လာတော့ ရွာကို မီးရှို့ပြီ ထင်လိုက်တာ၊ တကယ်က တလင်းထဲက တဲ ကိုရှို့သွားတာ” လို့ အဲ့ဒီ့ဒေသခံက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စီးနင်းမှုကြောင့် ထန်းတောဆိပ်ရွာမှ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ ရွာသား ၃ ဦးတို့ဟာလည်း လက်ရှိအချိန်အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်ထဲမှာရှိတဲ့ ထန်းတောဆိပ်ရွာဟာ အိမ်ခြေ ၂၈၀ ခန့်ရှိပြီး ဒေသခံ ၈၀၀ ကျော်နေထိုင်ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ သြဂုတ်လ ၁၅ ရက်နေစပြီး စစ်ကိုင်းမြို့နယ်အတွင်းမှ ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ဒေသခံထောင်ချီဟာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
#MeKongNews
#စစ်ကိုင်း
#ထန်းတောဆိပ်
#ပျောက်ဆုံး