မဲခေါင်၊ နိုဝင်ဘာ ၃၀
နမ့်ခမ်းမြို့နယ်မှာရှိတဲ့ စခန်းသစ်ကုန်းကို ညီနောင်မဟာမိတ်တပ်တွေဝိုင်းထားချိန်မှာ လက်နက်ချပြီး အလင်းဝင်ဖို့ ထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင် ၇ဦးကို စစ်ကောင်စီတပ်တွေက ပစ်ခတ်တဲ့ကြောင့် ၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရတယ်လို့ ရှေ့တန်းရောက် သတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၉ရက် နေ့လည်ပိုင်းက TNLA အပါအဝင် မဟာမိတ်တပ်တွေဝိုင်းထားချိန်မှာ ရဲတပ်ဖွဲ့ဝင် ၇ဦးက လက်နက်ချမယ်လို့ ဆက်သွယ်ပြီး ထွက်ပြေးလာတာဖြစ်ပြီး ဒါကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားတွေက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တဲ့ စစ်ကောင်စီတပ်ဟာ စကခ ၇ လက်အောက်ခံ ခမရ ၄၂၅ ဖြစ်ပြီး ဒဏ်ရာရတဲ့ ရဲတွေအပါအဝင် အားလုံးကို စခန်းအတွင်း ပြန်ဆွဲယူသွားတယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“TNLA ဆီ ရဲ ၇ ဦးက ဆက်သွယ်လာတယ်။ လက်နက်ချမယ်ဆိုပြီး။ ဟိုကောင်(စစ်တပ်)က ပေးမချဘူး။ သူတို့ချင်းပြဿနာဖြစ်တယ်” လို့ သူက ပြောပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို TNLA ဦးဆောင်ပြီး ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
MK – 004