မဲခေါင်၊ ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်မှာ ဇန်နဝါရီလ ၂၉ရက်၊ နေ့လည်ပိုင်းအချိန်က လူငယ်စုံတွဲတစ်တွဲ ဓားပြတိုက်ခံရပြီး ဖုန်း၂လုံးနဲ့ လက်စွပ်တစ်ကွင်း ပါသွားတယ်လို့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ကျောက်မဲမြို့၊ သိန်းသန်းဆီဆိုင်ဘေးလမ်းကြား၊ ခိုအုန်/ခိုခမ်းသွားလမ်းမှာ ဇန်နဝါရီလ ၂၉ရက်၊ နေ့လည် ၁နာရီဝန်းကျင်က CZIဆိုင်ကယ်နဲပ လူ ၃ဦးက လူငယ်စုံတွဲတစ်တွဲကို ဓားပြတိုက်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
“ သိန်းသန့်ဆီဆိုင်လမ်းကြားထဲမှာဖြစ်တာ။ CZIဆိုင်ကယ်အဟောင်းနဲ့ လူ၃ယောက် ရောက်လာပြီး ဓားထောက်ဓားပြတိုက်သွားတာလို့ ပြောပါတယ်။ လောင်းကစားဝိုင်းတွေ၊ လောင်းကစားဂိမ်းဆိုင်တွေရှိနေတော့ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနေတာပေါ့” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဲဒီလို ဓားထောက်ဓားပြတိုက်ခံရတာကြောင့် Note 11 SEနဲ့ Oppo A 15 ဖုန်း နှစ်လုံး၊ လက်စွပ် တစ်ကွင်းတို့ပါသွားပြီး ဓားပြတိုက်ခံရမှုဖြစ်စဉ်ကို ကျောက်မဲမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၃၀ရက်မှာပဲ ကျောက်မဲဗဟိုဈေးကြီးမှာ ရပ်ထားတဲ့ ဆိုင်ကယ် ၂စီးခိုးယူခံခဲ့ရသလို ခါးပိုက်နှိုက်ခံရမှုဖြစ်စဉ်တွေလည်း ဖြစ်ပွားခံ့တယ်လို့ သိရပါတယ်။
MK-008