မဲခေါင်၊ ဇူလိုင် ၁၂
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်နဲ့ ထိုင်း-ကရင်နီ နယ်စပ်က စစ်ရှောင်စခန်း တို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေး တစ်ဦးနဲ့ အမျိုးသား တစ်ဦး သေဆုံးကြောင်း ဒေသခံတွေက မဲခေါင်သတင်းဌာနကို အတည်ပြု ပြောတယ်။
ဇူလှိုင်လ ၁၁ ရက်၊ ည ၁၂ နာရီက ဖားဆောင်းဒေသမှာ တိုက်ပွဲမဖြစ်ဘဲ တိုက်လေယာဉ်တွေနဲ့ ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်လို့ ၁၁ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးကာ ဘာသာရေး အဆောက်အအုံနဲ့ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ သူကပြောပါတယ်။
“ ကျွန်တော်လည်း အတည်ပြုချက်တွေရပါပြီ။ ဖားဆောင်းမှာက ၁၁ အရွယ် ကလေး တစ်ဦး ဆုံးသွားတယ် ပြောတယ်။ ၂ ဦးလောက် ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရသွားတဲ့ ၂ ယောက်ကတော့ မစိုးရိမ်ရဘူး။ ခရစ်ယာန် ကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားတယ်” လို့ ဒေသခံ တစ်ဦးက ရှင်းပြပါတယ်။
အလားတူ ဒီကနေ့ ဇူလှိုင်လ ၁၂ ရက်၊ မနက် တစ်နာရီ ဝန်းကျင်မှာ ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင် စခန်းကို လေယာဉ်နဲ့ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်လို့ စစ်ဘေးရှောင် အမျိုးသား တစ်ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ယာယီတဲ့အိမ် အများအပြားနဲ့ ဆေးခန်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ ယာယီ စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံနေတဲ့ ပြည်သူ ၅,၀၀၀ ကို အရေးပေါ် နေရာ ရွှေ့ပြောင်းထား တယ်လို့ စစ်ရှောင်တွေကို ကူညီနေသူ မယ်စဲ့မြို့နယ် NLD အမတ်ဟောင်း ဦးသန်းလင်းလင်း ကပြောပါတယ်။
MK-007
#MekongNews
#ဖားဆောင်းမြို့နယ်
#ဗုံးကြဲ
#စစ်ဘေးရှာင်စခန်း