မဲခေါင်၊ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်လေး အနောက်နဲ့ ယောရွာမှာ အထိုင်ချထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၈ ဦးထက်မနည်း သေဆုံးနိုင်ကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်က ညောင်ဇင်လေး အနောက်ရွာမှာ အထိုင်ချထားတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို Kanbalu Underground Warriors၊ MPF U.18၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ မြေပြင်လှုပ်ရှားညီနောင်များနဲ့ ကန့်ဘလူမြို့နယ် L-PDF အဖွဲ့တွေ စုပေါင်းပြီး ၆၀ မမ လက်နက်ကြီး ၈ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ် ဘက်က ပြန်လည် ပစ်ခတ်တာ မရှိဘဲ ယောရွာဘက်သို့ ဆုတ်ခွာစဉ် ဘိုတဲကုန်းနဲ့ ဆူးပုတ်ကုန်းရွာကြား မူးဘောင်လမ်းမှာ မဟာမိတ်တပ်ဖွဲ့တွေက မိုင်း ၂ လုံးနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက် ခံခဲ့ရတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းဟာ ညနေ ၄ နာရီခွဲခန့်မှာ ယောရွာထိပ်မှာ အင်အား ဖြည့်တင်းနေစဉ် Drone ဗုံးသီး တစ်လုံး၊ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီနဲ့ ပျူစောထီးတွေဘက်မှ ၈ ဦးထက်မနည်း သေဆုံးကာ အပြင်းအထန် ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
နယ်မြေ အသာစီးနဲ့ တိုက်ခိုက်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ တယ်လို့ မြေပြင် သတင်းပေးပို့ချက်ကို ကိုးကားပြီး ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။
MK-003