မဲခေါင်၊ အောက်တိုဘာ ၁၅
တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းအချို့တွင် ကျောင်းသား၊ ကျောင်းသူများအတွက် ကျူရှင်တက်ရောက်ရန် ဖိအားပေးခံနေရပြီး ကျူရှင်ခများမှာလည်း ဈေးမြင့်မားနေခြင်းကြောင့် မိဘများ ဝန်ထုပ်ဝန်ပိုးဖြစ်နေရကြောင်း ဒေသခံများက ပြောသည်။
တာချီလိတ်မြို့ရှိ အထက မကာဟိုခမ်း၊ အထက ပုန်းထွန်၊ အထက ဆန်ဆိုင်းနှင့် အထက ဟောင်လိတ်ကျောင်းများမှ ဆရာ၊ ဆရာမအချို့၏ ကျူရှင်သင်ကြားမှုနှင့် ကျူရှင်ခ ကောက်ခံမှုမှာ လက်မခံနိုင်ဖွယ် အခြေအနေရှိနေကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် တာချီလိတ်၌ မူလတန်းအဆင့် ကျူရှင်ခမှာ တစ်ဦးလျှင် ဘတ် ၇၀၀ မှ ၈၀၀ ဝန်းကျင်၊ အလယ်တန်းအဆင့်တွင် ဘတ် ၁,၂၀၀ မှ ၁,၅၀၀ ဝန်းကျင်နှင့် အထက်တန်းအဆင့်တွင် ဘတ် ၂,၀၀၀ မှ ၂,၅၀၀ ဝန်းကျင်အထိ ရှိနေကြောင်း၊ ကျူရှင်သင်ကြားခြင်းကို အပြစ်တင်လိုခြင်းမဟုတ်ဘဲ ကျောင်းတွင်း စာသင်ကြားမှုအပေါ် မိဘများ ယုံကြည်အားထားနိုင်ရန် လိုအပ်သကဲ့သို့ စီးပွားရေးခက်ခဲနေချိန်တွင် သားသမီးများကို ပညာသင်ကြားပေးနေရသည့် မိသားစုများ၏ ငွေကြေးအခြေအနေကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကလေး ၃ယောက်၊ ၄ယောက်ရှိတဲ့ မိသားစုတွေအနေနဲ့ အားလုံးကို ကျူရှင်ထားပေးဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အခုလို စီးပွားရေး အဆင်မပြေတဲ့အချိန်မှာ မိဘတွေက သားသမီးတွေ ပညာရေး မနောက်ကျအောင် အလုပ်ကြိုးစားပြီး ကျောင်းထားပေးနေရတာပါ။ ကျူရှင်ခတွေ မြင့်နေတော့ မိဘတွေအတွက် အခက်အခဲ ပိုဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ကျောင်းတွင် သင်ကြားသည့်စာနှင့် ကျူရှင်တွင် သင်ကြားသည့်စာ ကွာခြားနေခြင်း၊ ကျူရှင်မတက်သည့် ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းအတွင်း သင်ခန်းစာ လိုက်မမီခြင်းနှင့် အခြား ကျောင်းသားများနှင့် နှိုင်းယှဉ်ခံရမည်ကို စိုးရိမ်ရခြင်းတို့ကြောင့် မိဘများအနေဖြင့် မတတ်နိုင်သည့်ကြားမှ ကျူရှင်ထားပေးရန် ဖိအားခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။
အထူးသဖြင့် စာမေးပွဲနီးလာချိန်တွင် ကျူရှင်တက်ပါက အမှတ်ကောင်း ရနိုင်ကြောင်း၊ All A ရနိုင်ကြောင်းနှင့် စာမေးပွဲတွင် ပါဝင်လာနိုင်သည့် သင်ခန်းစာများကို ကျူရှင်၌ သင်ကြားပေးမည်ဖြစ်ကြောင်း ပြောဆိုမှုများကြောင့် ကျူရှင်မတက်နိုင်သည့် ကလေးများနှင့် မိဘများအတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဆရာ၊ ဆရာမတွေ ကျူရှင်သင်တာကို မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ကျောင်းမှာလည်း ကလေးတွေ နားလည်အောင် စေတနာနဲ့ သင်ပေးစေချင်ပါတယ်။ ကျူရှင်မတက်နိုင်တဲ့ ကလေးတွေကိုလည်း ခွဲခြားဆက်ဆံတာမျိုး မဖြစ်စေချင်ပါဘူး။ ပညာရေးဆိုတာ ငွေကြေးတတ်နိုင်တဲ့ ကလေးတွေအတွက်ပဲ မဖြစ်သင့်ပါဘူး” ဟု ၎င်းက ပြောသည်။
ကျူရှင်ခများနှင့် ကျောင်းတွင်းသင်ကြားမှုဆိုင်ရာ မကျေနပ်ချက်များကို သက်ဆိုင်ရာ ပညာရေးတာဝန်ရှိသူများက သိရှိနေသော်လည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးခြင်း မရှိဟု ဒေသခံများက ဝေဖန်သည်။
ယခုကဲ့သို့ စီးပွားရေးအခက်အခဲများကြား သားသမီးများ၏ ပညာရေးအတွက် ရုန်းကန်နေရသည့် မိဘများအနေဖြင့် ကျူရှင်စရိတ်ကြောင့် ပိုမိုဝန်ပိလာခြင်း မရှိစေရန်နှင့် ဆရာ၊ ဆရာမများ၏ သင်ကြားရေးတာဝန်နှင့် ကျောင်းသားများ၏ ပညာသင်ယူခွင့်ကို မျှတစွာ အကာအကွယ်ပေးနိုင်ရန် ဒေသခံများက လိုလားနေသည်။
#MeKongNews
#တာချီလိတ်
#ပညာရေး
#ကျူရှင်စရိတ်
#ကျောင်းသားမိဘများ








