မဲခေါင်၊ အောက်တိုဘာ ၁၂
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ (ERW) ကြောင့် အရပ်သား ၂၃၀ ဦး သေဆုံးဒဏ်ရာရခဲ့ပြီး ထိခိုက်မှုဖြစ်စဉ်အများဆုံးမှာ ရှမ်းပြည်မှဖြစ်ကြောင်း Myanmar Witness ၏ အစီရင်ခံစာတွင်ဖော်ပြသည်။
ယင်းကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား ၅၇ ဦး သေဆုံးခဲ့ပြီး ၁၇၃ ဦး ဒဏ်ရာရရှိကြောင်း၊ ထိခိုက်ဒဏ်ရာရသူများအနက် ခြေလက်ဖြတ်တောက်ခဲ့ရသူမှာ ၇၇ ဦးရှိခဲ့သည်ဟုလည်း ယခုအောက်ဘာတိုဘာ၇ရက်နေ့ထုတ် Myanmar Witness၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်မှုဖြစ်စဉ် စုစုပေါင်း ၁၇၀ ခုကို တိုင်းနှင့်ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၅၆ မြို့နယ်တွင် မှတ်တမ်းတင်နိုင်ခဲ့ပြီး ဒေသအလိုက် ထိခိုက်မှုဖြစ်စဉ်များတွင် ရှမ်းပြည်၌ ၅၂ ခုဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ၅၀ ခု၊ ကချင်ပြည်နယ်တွင် ၁၆ ခု အသီးသီး မှတ်တမ်းတင်ထားသည်။
ကျန်ထိခိုက်မှုဖြစ်စဉ်များမှာ ကရင်၊ ချင်း၊ ကရင်နီ၊ မွန်ပြည်နယ်နှင့် စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ၊ မန္တလေး၊ မကွေးတိုင်းတို့တွင် ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စိစစ်တွေ့ရှိချက်အရ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများသည် ပဋိပက္ခဖြစ်ပွားရာဒေသများတွင်သာမက နေအိမ်များ၊ ဈေးများနှင့် ဘုန်းတော်ကြီးကျောင်းများကဲ့သို့ အရပ်သားများ သွားလာလှုပ်ရှားရာ နေရာများတွင်ပါ လူထု၏ အသက်အန္တရာယ်ကို ဆက်လက်ခြိမ်းခြောက်လျက်ရှိသည်ဟု Myanmar Witness က ဆိုသည်။
ထို့ပြင် ယင်းလက်နက်များကြောင့် ထိခိုက်ခံစားရသူများသည် အသက်ဆုံးရှုံးခြင်းနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းတို့အပြင် အသက်ဘေးမှ လွတ်မြောက်ကျန်ရစ်သူများ၊ ၎င်းတို့၏ မိသားစုများနှင့် လူမှုအသိုက်အဝန်းများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ရေရှည်ဆိုးကျိုးများကိုပါ ဖြစ်ပေါ်စေသည်ဟု Myanmar Witness က ထောက်ပြထားသည်။
မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများသည် ပဋိပက္ခများဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း အရပ်သားများအတွက် အန္တရာယ်ဆက်လက်ဖြစ်ပေါ်စေနိုင်သည့်အတွက် ထိခိုက်မှုများကို မှတ်တမ်းတင်ခြင်းနှင့် အန္တရာယ်ရှိသည့်နေရာများအကြောင်း အသိပညာပေးခြင်းတို့သည် အရေးကြီးသည့် လုပ်ငန်းစဉ်များဖြစ်ကြောင်းလည်း အစီရင်ခံစာက မီးမောင်းထိုးပြထားသည်ဟု Myanmar Witnessက ဆိုသည်။
#MeKongNews
#မြေမြုပ်မိုင်း
#ရှမ်းပြည်
#စစ်ကျန်လက်နက်ပစ္စည်း
#Myanmar_Witness








