မဲခေါင်၊ အောက်တိုဘာ ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ညီအစ်ကို ၃ ဦးအား သတ်ဖြတ်ခဲ့သည့် တရားခံဖြစ်သူ မူးယစ်ဆေးစွဲနေသည့် အမျိုးသားကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းညီအစ်ကို ၃ ဦးအား သတ်ဖြတ်ခဲ့သူမှာ မူးယစ်ဆေးစွဲနေသည့် အသက် ၂၀ အရွယ် စန်တလ ဖြစ်ပြီး မူးယစ်ဆေး မရရှိသည့်အချိန်၌ ဖြစ်ပေါ်လာသော စိတ်အာနိသင်ကြောင့် ဒေါသထွက်ကာ ကလေးများကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
“ကလေးတွေက သူနဲ့ခင်ပြီး သွားလာတာတွေ ရှိတော့ သူ့ကိုစစ်တော့ ပေါ်တာပဲ” ဟု မိုင်းဆတ်ရဲစခန်းနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက မိုင်းဆတ်မြို့နယ်၊ ဖန်နားပိုကျေးရွာနေ မိဘနှစ်ပါး တောင်ယာသွားချိန် အိမ်၌ ကျန်ရစ်ခဲ့သည့် သားဖြစ်သူ လော်ဖူ (၁၂ နှစ်)၊ ယာနားပါလုံး (၉ နှစ်) နှင့် အားဖြူ (၅ နှစ်) တို့ ညီအစ်ကို ၃ ဦး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထို့နောက် အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ရွာ၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာ စမ်းချောင်းအတွင်း၌ ကလေး ၃ ဦး၏ ရုပ်အလောင်းများကို ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့တွင် ပြတ်ရှ၊ ကွဲအက်ဒဏ်ရာများဖြင့် မှောက်လျက် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ရသည်။
လက်ရှိတွင် သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူ စန်တလကို မိုင်းဆတ်မြို့နယ် ရဲစခန်းက အရေးယူ ဆောင်ရွက်လျက်ရှိသည်။
#MeKongNews
#မိုင်းဆတ်မြို့နယ်
#လူသတ်မှု
#ကလေးငယ်
#မူးယစ်ဆေးဝါး








