မဲခေါင်၊ စက်တင်ဘာ ၂၇
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၌ လိုင်စင်မဲ့ ၂၂ ဘီး တွဲကား မောင်းနှင်လာသူ အမျိုးသားတစ်ဦးအား သက်သေခံ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် ညနေ ၄ နာရီခွဲခန့်က ရွှေညောင်မြို့၊ မိုင်းသော်အရှေ့ကျေးရွာ အုပ်စု၊ ဟဲကယ်ကျေးရွာရှိ လုံခြုံရေးဂိတ်တွင် ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်စစ်ဆေးရေး ဆောင် ရွက်နေစဉ် ရပ်စောက်ဘက်မှ ရွှေညောင်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရာတွင် ဟဲဟိုးမြို့၊ အင်းခေါင်းကျေးရွာနေ ခွန်ဇော်လင်းထူး ၃၅ နှစ် မောင်းနှင်လာသော DONG FENG အမျိုးအစား အဝါရောင် ၂၂ ဘီး တွဲကား (ယာဉ်ခေါင်းတွဲအမှတ် MDY-14 7P/3757 နှင့် နောက်တွဲအမှတ် MDY TLR-4565) နှင့် ပတ်သက်၍ တရားဝင် သက်သေခံ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တရားဝင် လိုင်စင်မှတ်ပုံတင်ထားခြင်းမရှိသည့် မော်တော်ယာဉ်အား လက်ဝယ်ထားရှိ မောင်းနှင်သူ ခွန်ဇော်လင်းထူးအား ရွှေညောင်မြို့နယ်မြေရဲစခန်းတွင် ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ-၈၊ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#MeKongNews
#ရွှေညောင်
#လိုင်စင်မဲ့
#တွဲကား
#ဖမ်းဆီး








