မဲခေါင်၊ ဇူလိုင် ၂၈
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်က ဒေသခံတစ်ဦးကို သတ်ဖြတ်ပြီး ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးထားသည်။
ဇူလိုင်လ ၂၂ ရက်တွင် စစ်ကောင်စီနှင့် ဓနုတော်လှန်ရေးတပ်ဖွဲ့တို့ ကျောက်ငှက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကျောက်ငှက်ကျေးရွာနှင့်မြောက်ကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ မှ ၂၇ ရက်အထိ ဒေသခံ ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးဘဲ စစ်ကြောင်းဝင်ရောက်စဉ် ဖမ်းဆီးနှိပ်စက်ခြင်းကြောင့် ကျောက်ငှက်ဒေသခံတစ်ဦးသေဆုံးခဲ့သည်ဟုလည်း ဓနုစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“တိုက်ပွဲမှာ အထိနာတော့ ဒေသခံတွေကို မဲနေတာ။ တအိမ်တက်ဆင်း ဖမ်းလိုက်တာလေ။ ယောကျ်ားလေးတွေက တစ်ယောက်မှ ပြန်မလွတ်လာသေးဘူး။ တစ်ယောက် အသတ်ခံရတယ်။ ဒေသခံတွေကလည်း ထွက်ပြေးနေရတော့ အသတ်ခံရတာ ဘယ်သူလဲ စုံစမ်းနေတုန်းပဲ” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက ဖမ်းဆီးထားသည့်သူများအနက် သက်ကြီးရွယ်အို အမျိုးသမီးအချို့ကိုသာ ပြန်လွတ်ပေးခဲ့ပြီး ကျန်သည့် ဒေသခံများကိုမူ ယခုအချိန် ပြန်လွတ်ပေးခြင်းမရှိသေးပေ။ ထို့အပြင် ဖမ်းဆီးခံရမှုမှ လွတ်မြောက်သည့် ဒေသခံများမှာလည်း ရွာတွင်မနေရဲတော့သဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
“အခု ရွာထဲမှာက စစ်ကောင်စီတွေ တပ်စွဲထားတယ်လေ။ ဘုန်းကြီးကျောင်းမှာကောပဲ ။ သူတို့ဖမ်းထားတဲ့ သူတွေကိုတော့ ဘုန်းကြီးကျောင်းမှ ပိတ်ထားတယ်”ဟု သတင်းရင်းမြစ်ကပြောသည်။
လက်ရှိကျောက်ငှက်ကျေးရွာအတွင်းတွင် စစ်ကောင်စီတပ်သည် အင်အား (၃၀၀) နီးပါးဖြင့် တပ်စွဲကာ ဆင်ဆာပြားစသည့် ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်း ပြုလုပ်နေလျက်ရှိသည်။ ထို့အပြင် ဆင်ဆာပြားကျေးရွာကို ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်က ပြည်သူလူထု၏ နေအိမ်များပေါ်သို့ တက်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူငင်နေသည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင်လည်း စစ်ကောင်စီက ကျောက်ငှက်ရွာသား ၅ ဦးကို စစ်မှုထမ်းခိုင်းမည်ဟုဆိုကာ ဖမ်းဆီးခဲ့သေးသည်။
#MeKongNews
#ရှမ်းတောင်
#ရွာငံ
#ကျောက်ငှက်
#စစ်ကောင်စီ
#ဓနုတပ်








