မဲခေါင်၊ ဇူလိုင် ၁၄
ဒီဇင်ဘာလတွင် ဘန်ကောက်သို့ ၃ ရက်ကြာ လာရောက်ဖျော်ဖြေမည့် ကမ္ဘာကျော် ကိုရီးယားတေးဂီတအဖွဲ့ BTS ၏ ဖျော်ဖြေပွဲလက်မှတ်အတုများကို လိမ်ရောင်းခဲ့ကာဘတ် ၁ ဒသမ ၈ သန်း လိမ်လည်ခဲ့သူ ၅ ဦးစလုံးအား ထိုင်းရဲတပ်ဖွဲ့က ၀ရမ်းထုတ်ကာ ဖမ်းဆီးခဲ့သည်။
အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြားရှိ ယင်းထိုင်းနိုင်ငံသား ၅ ဦးသည် ဖေ့စ်ဘွတ်ခ်နှင့် လူမှုကွန်ရက်အကောင့်တုများ ဖွင့်ကာ BTS ပွဲလက်မှတ်များ ကြိုတင်ရောင်းချသည့် အေဂျင်စီသဖွယ် ဟန်ဆောင်ပြီး လက်မှတ်အတုများကို အွန်လိုင်းမှ ရောင်းချရာ တိုင်ကြားသူ များပြားလာသဖြင့် မင်ဘူရီ ရာဇဝတ်တရားရုံးက ဇူလိုင် ၁၀ ရက်တွင် ဖမ်း၀ရမ်းထုတ်ကာ လက်ရဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်း ၅ ဦးသည် အလုပ်ခေါ်စာ ကြေညာသည့် လူမှုကွန်ရက်မှတစ်ဆင့် လိမ်လည်ရောင်းချသည့် လက်မှတ်ခများကို ဒစ်ဂျစ်တယ် ငွေကြေးအကောင့်များဖြစ်သော TrueMoney နှင့် e-Gift ဘောက်ချာတို့မှ လက်ခံပေးရန် စည်းရုံးပြီး တစ်စောင်ရောင်းရလျှင် ဘတ် ၂၀၀ မှ ၂၀၀၀ ကြားပေးပြီး ငွေလွှဲလက်ခံမှု လုပ်ခိုင်းခဲ့သည်။
ယင်းဘဏ်အကောင့်ရှင်များလည်း လက်မှတ် လိမ်ရောင်းသည်ကို မသိရသဖြင့် ငွေလက်ခံလွှဲပြောင်း ပေးခဲ့ကြကာ လက်မှတ်လိမ်ရောင်းခံရသဖြင့် တိုင်ကြားသူပေါင်း ၁၀၅ ယောက် ရှိခဲ့သည်။
လက်မှတ်တစ်စောင်ပျမ်းမျှတန်ကြေးသည် ဘတ် ၁၇၇၀၀ ဝန်းကျင်ရှိသဖြင့် စုစုပေါင်း လိမ်လည်သွားသည့်ငွေမှာ ဘတ် ၁ ဒသမ ၈ သန်းအထိရှိခဲ့ပြီး ထိုလိမ်လည်မှုကို ဦးဆောင်ကာ လူမှုကွန်ရက်အကောင့်တုများအား စီမံကိုင်တွယ်သူသည် ဘတ် ၈ သိန်းအထိ ရယူခဲ့ကာ ထိုငွေအားလုံးကို ပြည်ပသို့ အလည်အပတ်ခရီးသွားခြင်း၊ စျေးကြီး ဇိမ်ခံအသုံးအဆောင်များ ဝယ်ယူခြင်းဖြင့် သုံးပစ်ခဲ့ပြီး ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
လက်ရှိတွင် ၎င်းတို့အား ဘန်ကောက်နှင့် ဆူရတ်ဌာနီခရိုင် ရဲစခန်းများသို့ လွှဲအပ်ပြီး စစ်ဆေးမှုများ ဆက်လုပ်နေကြောင်း သိရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ကိုရီးယား
#BTS အဖွဲ့
#ဖျော်ဖြေပွဲလက်မှတ်အတု
#လိမ်ရောင်းသူ








