မဲခေါင်၊ ဇူလိုင် ၃
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ပြည်သူတစ်ဦး ဓားခုတ်ခံရပြီး ဒဏ်ရာရရှိသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ည ၈နာရီခန့်တွင် ကျိုင်းတုံမြို့၊ နောင်တုံကန်ပတ်လမ်းတွင် လူငယ်အချင်းချင်း ရန်ဖြစ်ရာမှ လူငယ်တစ်ဦး ဓားဖြင့်အခုတ်ခံခဲ့ရခြင်း ဖြစ်သည်။
“ရန်ဖြစ်ရင်းနဲ့ ဓားပါတဲ့လူက ဓားနဲ့ခုတ်လိုက်လို့ ဒဏ်ရာရသွားတာပေါ့နော်၊ လက်ထိသွားပြီး စိုးရိမ်ရတဲ့ ဒဏ်ရာတော့ မဟုတ်ဘူးဆိုပေမယ့် ဓားနဲ့ခုတ်တယ်ဆိုတာကျတော့ အခန့်မသင့်ရင် အသက်ပါ ပါသွားနိုင်တယ်။ ကျနော်တို့ ကျိုင်းတုံကလည်း ဘာဖြစ်နေမှန်းကိုမသိတော့ဘူး။ နေ့လယ်ပိုင်းက ပြန်ပေးဆွဲမှုဖြစ်ပြီး ညပိုင်းကျ ဓားခုတ်မှုတဲ့ အရင်ကမဖြစ်ဖူးတာတွေ ဖြစ်လာနေတယ်”ဟု ကျိုင်းတုံမြို့ခံတစ်ဦးက ပြောသည်။
ဓားခုတ်ခံရသဖြင့် ဒဏ်ရာရသည့် လူငယ်ကိုမူ ပတ်ဝန်းကျင်မှ ဖုန်းဆက် အကူအညီတောင်းသဖြင့် တိုင်းနေ လူမှုကူညီရေးအသင်းက ကျိုင်းတုံဆေးရုံသို့ ယမန်နေ့ညတွင်ပင် အရေးပေါ် ပို့ဆောင်ပေးခဲ့သည်။
“နေ့လယ် ပြန်ပေးဆွဲမှုဖြစ်၊ ညခုတ်မှုဆက်ဖြစ် မူးယစ်နဲ့ ကျားဖြန့် KTV နဲ့ ဘားကလပ် ပေါလိုက်တဲ့ ဆေးပြား ပဲကြီးလှော်တောင် အရှာခက်၊ ဆေးပြားစက်က မြို့ပတ်လည်ခွင်တွေကိုရှာ ဂိတ်တွေသာ ဝင်ငွေကောင်း၊ ဪ အတော့်ကိုပျက်စီး။ လုံခြုံရေးဆိုတာ ကိုယ်တိုင်သာ ဆောင်ရွက်ကြတော့၊ ခိုးဆိုးနှိုက်ပေါတဲ့ ကာလ အသက်တချောင်းဆိုတာ ခုခေတ်မှာ အလွယ်သတ်ကြတဲ့ ဂိမ်းတွေကသင်တဲ့ပညာ”ဟု ဒေသခံတစ်ဦးက ကျိုင်းတုံမြို့ လက်ရှိအခြေအနေကို မှတ်ချက်ပြုသည်။
ယမန်နေ့တွင်ပင် ကျိုင်းတုံမြို့ အမှတ် (၄) ရပ်ကွက်ရှိ ပရိဘောဂနှင့် အိမ်သုံးပစ္စည်းရောင်းသည့် ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူကို သေနတ် အရှည် ၄ လက်ကိုင်ဆောင်ထားသည့်လူ ၄ ဦး က ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့သေးသည်။
“ကျိုင်းတုံမြို့တော်ကြီးမှာ စစ်တိုင်းမှူးလည်း ရုံးစိုက်ပြီး ရုံးထိုင်နေပြီး ဒုပြည်နယ် ရဲမင်းကြီးလည်း ရုံးထိုင်နေသလို၊ တြိဂံတိုင်း၏ မြို့တော်ကြီးမှာ နေ့ခင်းကြောင်တောင် သေနတ်အရှည်တွေ ကိုင်လာပြီး ပေါ်ပေါ်တင်တင် ပြန်ပေးဆွဲ ဓားပြတိုက်မှုတွေက တရက်ထက်တရက် ဆိုးလာပြီ။ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေက ဘာလုပ်ဖို့ထားတာလည်း တရားဥပဒေစိုးမိုးမှုက မေးခွန်းထုတ်စရာ ဖြစ်လာပြီ”ဟု အခြားဒေသခံတစ်ဦးကလည်း မေးခွန်းထုတ်သည်။
ထို့ပြင် ပြီးခဲ့သည့် မေ ၁၃ ရက်က လူသတ်ဓားပြတိုက်ခံရသည့် ရွှေဆိုင်ပိုင်ရှင်အမှုမှာလည်း ယခုထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။
#MeKongNews
#ကျိုင်းတုံမြို့
#ဓားခုတ်မှု
#ဒဏ်ရာရ








