မဲခေါင်၊ ဇွန် ၂၅
အမေရိကန်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံသို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးဝါးအရင်းအမြစ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ချက်ချင်း စေလွှတ်ပေးနေပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောသည်။
“မိမိတို့အနေဖြင့် ချစ်ခင်ရသူများကို ဆုံးရှုံးလိုက်ရသူများ၊ ဒဏ်ရာရရှိခဲ့သူများနှင့် ဘေးအန္တရာယ်ဆိုးကြီးအပြီးတွင် မနားမနေ ကြိုးပမ်းအားထုတ်နေကြသည့် ရဲရင့်သော ကယ်ဆယ်ရေးလုပ်သားများ အားလုံးနှင့်အတူ ထပ်တူထပ်မျှ စာနာစိတ်မကောင်းဖြစ်ရပါကြောင်း” ၎င်းက X လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံအနေဖြင့် ဗင်နီဇွဲလား အာဏာပိုင်များနှင့် ဆက်သွယ်လျက်ရှိပြီး ကူညီပံ့ပိုးမှုများကို စုဆောင်း ပြင်ဆင်နေကြောင်း ၎င်း၏ လက်ထောက်ဖြစ်သူ ခရစ္စတိုဖာ လန်ဒေါက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အကူအညီများ ချက်ချင်း စေလွှတ်သည့် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ဗင်နီဇွဲလား အာဏာပိုင်များနှင့် အစဉ်တစိုက် ဆက်သွယ်ပြောဆိုနေမှုကို ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်ဆီ ရိုဒရီဂွက်ဇ်ကလူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယာယီသမ္မတ ရိုဒရီဂွက်ဇ်သည် အခြားသော နိုင်ငံတကာခေါင်းဆောင်များ၏ ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ကြောင်း ဆက်တိုက်ဆိုသလို သဝဏ်လွှာများ ပေးပို့လျက်ရှိရာ၊ ၎င်းတို့ထဲတွင် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ချီလီသမ္မတ ဟိုဆေး အန်တိုနီယိုကတ်စ်တို့လည်း ပါဝင်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ၎င်း၏ လူမှုကွန်ရက်ဖြစ်သော Truth Social ပေါ်တွင် အမေရိကန်နိုင်ငံအနေဖြင့် ကူညီရန် အဆင်သင့်ရှိသလို၊ ကူညီလိုစိတ်လည်း အပြည့်ရှိကြောင်းနှင့် ကူညီနိုင်စွမ်းလည်း ရှိကြောင်း ရေးသားခဲ့ပြီး၊ ဗင်နီဇွဲလားနိုင်ငံကို အမြန်ဆုံး သွားရောက် ကူညီနိုင်ရေးအတွက် အမေရိကန်အစိုးရဌာန အသီးသီးကို ညွှန်ကြားပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားထားသည်။
Ref:BBC
#MeKongNews
#ဗင်နီဇွဲလား
#ရှာဖွေကယ်ဆယ်ရေးအဖွဲ့
#အမေရိကန်
#စေလွှတ်








