မဲခေါင်၊ ဇွန် ၁၉
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှ ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အထိ ဆန်သယ်ဆောင်ရာတွင် လမ်းတစ်လျှောက် ပေးရသည့် ဂိတ်ကြေးကုန်ကျစရိတ်များမှာ တွဲကားတစ်စီးလျှင် ကျပ်သိန်း ၇၀ ကျော်အထိ ရှိသည်ဟု ကုန်သည်များထံမှ သိရသည်။
ယင်းပေးရသည့် ဂိတ်ကြေးများမှာ လမ်းတလျှောက်ရှိ စစ်ကောင်စီဂိတ်နှင့် ပြည်သူ့စစ်ဂိတ်က အများဆုံးဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့အချို့၏ ဂိတ်များကိုလည်း ပေးဆောင်ရသည်ဟု သိရသည်။
လမ်းတလျှောက်ရှိ ယင်းဂိတ်များသည် ဌာနပေါင်းစုံကြေး၊ ထမင်းဖိုး၊ ဘီယာဖိုး၊ အရက်ဖိုး စသည့်ခေါင်းစဉ်ပေါင်းစုံဖြင့် ငွေတောင်းနေခြင်းဖြစ်ပြီး ဂိတ်ပေါင်း ၅၀ ကျော်ရှိသည်ဟုလည်း သတင်းရင်းမြစ်ကုန်သည်များထံမှ သိရသည်။
“အခုက ဆန်သယ်ရင် သိန်း ၇၀ ကျော်ကုန်တာ ကျန်တဲ့ ဖရဲ သခွား ကုန်တွေဆို ဒီထက်မက ကုန်တယ်။ သိန်း ၁၀၀ ကျော်ကုန်တယ်။ အဲဒါတောင် ကျိုင်းတုံအထိပဲ မိုင်းလားအထိဆိုရင် အဲထက်ပိုကုန်တယ်”ဟု ကုန်သည်တစ်ဦးက ပြောသည်။
ယင်းငွေပေးရသည့် ဂိတ်များမှာ တာကော်ဂိတ် ၆ သိန်းကျပ်၊ အေးသာယာဂိတ် ၇သောင်းကျပ်၊ ဟိုပုံးဂိတ် ၆ သောင်းကျပ်၊ ကွန်ဟိန်းတံတား ၅ သောင်းကျပ်၊ ကာလဂိတ် တစ်သိန်းကျပ်၊ မိုင်းပွန်ဂိတ် တစ်သိန်းကျပ်၊ နမ့်စန်ဂိတ် ၅ သောင်းကျပ်၊ ကွန်ဟိန်းတံတား ၅ သောင်းကျပ်၊ တုံတားဂိတ် ၆ သောင်းကျပ်၊ ကျိုင်းတုံဂိတ် ၂ သိန်း၊ မိုင်းခတ် ၇ သောင်း၊ မိုင်းယန်း ၂ သောင်းကျပ်၊ ခိုလမ်ဂိတ် တစ်သိန်းကျပ်၊ လွိုင်လင်ဂိတ် ၂ သိန်းကျပ်၊ မိုင်းယန်းဂိတ် ၄ သောင်းကျပ်၊ မိုင်းလွေဂိတ် ၄ သောင်းကျပ် စသည်တို့ဖြစ်သည်။
ကုန်သည်တစ်ဦး၏ ပြောဆိုချက်အရ ယခင် NLD အစိုးရလက်ထက်တွင် လမ်းတစ်လျှောက်ရှိ ပေးရသည့် ဂိတ်ကြေးငွေများမှာ ကျပ် ၅ သိန်းခန့်သာရှိပြီး ယခု စစ်ကောင်စီလက်ထက်တွင် ကျပ်သိန်း ၇၀ ကျော်ကုန်သဖြင့် ဂိတ်ကြေးကုန်ကျစရိတ် အနည်းဆုံး ၁၅ ဆ တက်လာခြင်းဖြစ်ဟု ဆိုသည်။
“တောင်ကြီး – ကျိုင်းတုံလမ်းက ဘာတိုက်ပွဲမှ မရှိဘူး။ နယ်မြေမတည်ငြိမ်တာလဲ မရှိဘူး။ တမင်တကာ ပြည်သူကို ငွေညှစ်စားတာ”ဟု အေးသာယာမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။
ထိုဂိတ်ကြေးများအနက် အများဆုံး ပေးရသည့်ဂိတ်မှာ တာကော်တံတားဂိတ်ဖြစ်ပြီး ဆန်သယ်သည့်ကားတစ်စီးကို ကျပ် ၆ သိန်းပေးရသည်ဟု သတင်းရင်းမြစ်က ပြောသည်။
“အနည်းဆုံးက ကျပ်တစ်သောင်းကနေ ကျပ် ၆ သိန်းအထိ ပေးရတယ်။ ကာလိ ကွန်ဟိန်းဖက်မှာက ရှမ်းလက်နက်ကိုင်တွေကိုလည်း ၂ သိန်းပေးရတယ်။ ကျန်တာက အစိုးရနဲ့ ပြည်သူ့စစ်ဂိတ်တွေပေါ့ကွာ၊ ဂိတ်ပေါင်း ၅၀ကျော်တယ်”ဟု ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ဆေးရေးဂိတ်များက စစ်ဆေးမှုကို တင်းကျပ်လာသည့်အပြင် ငွေကြေးများကိုလည်း အကြောင်းအမျိုးမျိုးပြကာ ပိုမိုတောင်းလာသဖြင့် ကုန်သည်များအနေဖြင့် အခက်အခဲ ပိုများလာကြောင်း၊ ကျိုင်းတုံသို့ ကုန်ပို့ပြီး ရှမ်းတောင်သို့ ပြန်လာရာတွင်လည်း တရုတ်ကုန်စည် ထိုင်းကုန်စည်များကို ယခင်ကဲ့သို့ သယ်ဆောင်၍ မရတော့ခြင်းကြောင့် အရှုံးပေါ်ခြင်း ကုန်စည်များ ဈေးကြီးခြင်း ဖြစ်လာသည်ဟုလည်း ကုန်သည်များက ပြောသည်။
#MeKongNews
#ရှမ်းတောင်
#ရှမ်းအရှေ့
#ဆန်သယ်
#တွဲကား
#ဂိတ်ကြေး








