မဲခေါင်၊ ဇွန် ၁၄
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယမြို့နယ်၊စံသီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဇောကို ယမန်နေ့ညပိုင်းက အမည်မသိလူတစ်စုက လာရောက်သတ်ဖြတ်သွားကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၁၃ရက် ညပိုင်းတွင် စံသီးကုန်းကျေးရွာရှိ နေအိမ်တွင် ရှိနေသည့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇောအား အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက် သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကာ မည်သည့်အဖွဲ့အစည်းက မည်သည့် အကြောင်းအရင်းကြောင့် ယခုကဲ့သို့ လာရောက်လုပ်ဆောင်သွားသည်ကိုမူ တိတိကျကျ မသိရသေးပေ။
“ဘယ်သူက ဘာကြောင့် သတ်သွားမှန်း မသိရတော့ အားလုံးက လန့်နေကြတယ်။အုပ်ချုပ်ရေးပိုင်းတင်မကဘူး အရပ်သားတွေပါအသတ်ခံရတာတွေ ခဏခဏ ရှိနေတော့ စိုးရိမ်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယခုနှစ်ပိုင်းအတွင်း ဓနုကိုယ်ပိုင်ဒေသ ပင်းတယနှင့်ရွာငံမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အရပ်သားများပါ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ ခပ်စိပ်စိပ် ဖြစ်ပွားလာနေသည်။
ပြီးခဲ့သည့် မေ ၂၀ ရက်၊ နံနက် ၂ နာရီခန့်တွင်လည်း ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာနေ ကိုထိန်ဦးနှင့် ဦးခန့်ထက်ဇော် ဆိုသူတို့ကို ၎င်းတို့နေအိမ်များ၌ အမည်မသိ လက်နက်ကိုင်များက သေနတ်များဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သေးသည်။
ထို့ပြင် ပြီးခဲ့သည့် မေ ၁၈ ရက်က မြိုင်မှ ဦးအောင်ကြီး၊မေ ၁၃ ရက်က ဈေးတန်းရပ်ကွက်၊ မြနန္ဒာလမ်းနေ ဦးဆန်းလွင်ထူးနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဆွေအိမ်သီ(ခ)မစန်းထူး ၊မေ ၂ ရက် ညပိုင်းက ရွာငံမြို့နယ်၊ ငါးဆူကျေးရွာနေ ဒေါ်ခိုင်ချို ဆိုသူတို့ကိုလည်း အမည်မသိအဖွဲ့များက လာရောက် သတ်ဖြတ်ခဲ့သေးသည်။
ယင်းဒေသများအတွင်း ဓနုပြည်နယ်အမျိုး သားကာကွယ်ရေးတပ်တော် – DSNDA၊ အမှတ် – ၁၀၀၃ ဓနု PDF၊ DPLA တို့ လှုပ်ရှားနေပြီးယခုလို သတ်ဖြတ်မှုများကို မည်သည့်အဖွဲ့က လုပ်ဆောင် သည်ဟု ထုတ်ပြန်ကြေညာခြင်း မရှိသကဲ့သို့ ဖော်ထုတ်နိုင်ခြင်းလည်း မရှိခဲ့ပေ။
#MeKongNews
#ပင်းတယ
#စံသီးကုန်းကျေးရွာ
#အုပ်ချုပ်ရေးမှူး
#အသတ်ခံရ








