မဲခေါင်၊ ဇွန် ၁
ယူကရိန်း၏ အဆင့်မြင့်မျိုးဆက်သစ် AI ဒရုန်းများကြောင့် ရှေ့တန်းစစ်မျက်နှာပြင်တွင် ရုရှားစစ်သားများ တစ်နေ့ အယောက် ၁၀၀၀ ကျော်နှုန်း ဆုံးရှုံးနေရသည်ဟု ဗြိတိန် စစ်ရေးလေ့လာသုံးသပ်မှုအဖွဲ့က အချက်အလက်များဖြင့် ဖော်ပြသွားခဲ့သည်။
ယူကရိန်း၏ မောင်းသူမဲ့ ခေတ်သစ်ဒရုန်းအမျိုးမျိုးထဲတွင် နောက်ဆုံးမျိုးဆက်အဖြစ် AI စနစ်သုံးကာ ထုတ်လုပ်ထားသည့် Hornet ဒရုန်းများသည် အချက်ပြစနစ်များကို ရန်သူဘက်မှ ပိတ်ထားလျှင်ပင် မောင်းနှင်သူသည် ရန်သူတပ်နီးသို့ ရောက်ရှိစေရန်သာ မောင်းပေးရပြီး လူ၊ ထောက်ပို့ယာဉ်နှင့် စခန်းများကို AI စနစ်ဖြင့် အလိုအလျောက် ဖတ်ရှုကာ ပစ်မှတ်များကို ဗုံးကြဲနိုင်သဖြင့် ရုရှားတပ်များ အထိနာကာ နယ်မြေသိမ်းပိုက်မှုတွင် ရှေ့မတိုးနိုင်ဘဲ အသက်များစွာ ပေးနေရခြင်း ဖြစ်သည်ဟု ဗြိတိန် ကာကွယ်ရေးသုတေသနအဖွဲ့က ထုတ်ပြန်သွားခဲ့သည်။
စစ်ရေးအစီရင်ခံစာများအရ ရုရှားတပ်များသည် လက်ရှိတွင် ယူကရိန်းမြောက်ပိုင်း နယ်စပ်ဒေသများ ဖြစ်သော ဆူမီနှင့် ခါကိဗ်ဒေသများကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေကာ ဒိုဘရိုပီလီယာ၊ ဆလိုဗီယန့်ခ်စ်၊ ကရာမာတော့ရှ်နှင့် ကိုစတီယန်တီနစ်ဗ်ကာ ဒေသများရှိ မြို့ပြလူနေထူထပ်ရာ ဒေသများသို့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
သို့သော် ယူကရိန်း၏ AI ဒရုန်းများသည် ရုရှားဘက်က ၂၀ ကီလိုမီတာရှိသော ခံစစ်ဇုန်ကို အဟန့်အတား ထားရှိထားသော်လည်း ရန်သူနောက်ကျောအထိ ဖောက်ဝင်ကာ ထောက်ပို့ယာဉ်တန်းများနှင့် ရုရှားစစ်သားများကို ပစ်မှတ်တိကျစွာဖြင့် တိုက်ခိုက်နိုင်သောကြောင့် ပူတင်အမိန့်တွင် စစ်သားများ သေဆုံးမှုသာ အဖတ်တင်ပြီး နယ်မြေတိုးချဲ့ သိမ်းပိုက်ရေးမှာ ထင်သလောက် ရှေ့မတိုးနိုင်ဘဲ စစ်ဦးကျိုးနေရသည်ဟု ဗြိတိန်ကာကွယ်ရေးသုတေသီအဖွဲ့က ဆိုသည်။
ယူကရိန်းစစ်ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဧပြီလအတွင်း ရုရှားစစ်သားများ ရှေ့တန်း၌ သေဆုံး သို့မဟုတ် ဒဏ်ရာရမှုသည် ၃၂၉၈၀ ယောက်ရှိခဲ့သည့်အတွက် တစ်ရက် ၁၀၉၉ ယောက်နှုန်း ဆုံးရှုံးရကြောင်း၊ မေလတွင် ၂၈၂၀၀ ဦး သေဆုံးဒဏ်ရာရသဖြင့် တစ်ရက် ၁၀၄၄ ယောက်နှုန်း ဆုံးရှုံးရကြောင်း ဖော်ပြပါရှိခဲ့သည်။
ယူကေစစ်ထောက်လှမ်းရေး သတင်းရင်းမြစ်တွင်လည်း ယူကရိန်းကျူးကျော်စစ် ၄ နှစ်ကျော်ကာလအတွင်း ရုရှားဘက်မှ သေဆုံး ဒဏ်ရာရသူပေါင်းသည် ၅ သိန်းကျော်အထိ ရှိခဲ့သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သေးသည်။
ယူကရိန်းစစ်သည်များ ပြည်သူများ၏ တွန်းလှန်မှုသည် အလွန်ရဲရင့်ကာ ထိရောက်လှသဖြင့် ဂုဏ်ပြု ချီးကျူးရမည် ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး မရမချင်း ယူကရိန်းနှင့်အတူ ခိုင်မာစွာ ရပ်တည် ကူညီသွားမည်ဟုလည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေကလည်း မေ ၂၉ ရက်တွင် ပြောခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ယူကရိန်း
#AI
#ဒရုန်းများ
#ရုရှားစစ်သား








