မဲခေါင်၊ မေ ၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် ပအိုဝ်းလူငယ် ရွေ့ပြောင်းလုပ်သားတစ်ဦးသည် မေ ၂၄ ရက်က မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၂၁ နှစ်အရွယ် ခွန်မင်းကျော် ဖြစ်ပြီး၊ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ ရပ်ကွက်(၁) ဇာတိဖြစ်ကြောင်း သိရသည်။
နီးစပ်သူများ၏ ပြောကြားချက်အရ အခင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်းတွင် ဇနီးဖြစ်သူက ထမင်းအစောပိုင်း ချက်ပြုတ်ကာ ခေါ်ယူကျွေးခဲ့သော်လည်း ခွန်မင်းကျော်က မစားဘဲ အိပ်ရာထဲတွင်သာ နေခဲ့ကြောင်း သိရသည်။
ထို့နောက် ဇနီးဖြစ်သူက ထမင်းကို အိပ်ရာအနီး ယူဆောင်ပေးရာတွင် ခွန်မင်းကျော်က စောင်ပေါ်သို့ ထမင်းသွန်ချခဲ့ကြောင်း၊ ဇနီးဖြစ်သူက စောင်ကို သွားရောက် လျှော်ဖွတ်ပြီး ပြန်လာချိန်တွင် အခန်းတံခါးကို အတွင်းဘက်မှ သော့ခတ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ပတ်ဝန်းကျင်ရှိသူများအား အကူအညီတောင်းကာ တံခါးဖျက်ဝင်ရောက်ခဲ့ရာ ခွန်မင်းကျော်မှာ လည်ပင်း ကြိုးကွင်းစွပ်ထားသည့် အနေအထားဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။
“သူက ဘာကိုစိတ်ညစ်လို့ အခုလိုလုပ်ရတာလဲ မသိဘူး။ အသက်လည်း ငယ်ငယ်လေးပဲ ရှိသေးတယ်။ စိတ်လည်း မကောင်းဘူး” ဟု နီးစပ်သူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ထို့နောက် သေဆုံးသူ ခွန်မင်းကျော်ကို ထိုင်းရဲတပ်ဖွဲ့က လာရောက်စစ်ဆေးပြီး ရင်ခွဲရုံသို့ ပို့ဆောင်ကာ ၎င်း၏ နာရေးအတွက် ထိုင်းရောက် ပအိုဝ်းလှူမှုကူညီရေးအသင်းက ကူညီစီစဉ်ပေးနေကြောင်း သိရသည်။
#MeKongNews
#ဘန်ကောက်
#ပအိုဝ်းလူငယ်
#ရွေ့ပြောင်းလုပ်သား
#အဆုံးစီရင်








