မဲခေါင်၊ ဧပြီ ၃၀
ရှမ်းပြည်တောင်ပိုင်း၊ ဆောင်းပြောင်းကျေးရွာတွင် ယမန်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်နှင့် ဆရာ၊ ဆရာမများ နေထိုင်သည့် အဆောင်များကို ဒေသခံရွာသားများက အလှူငွေ ကောက်ခံကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည် ဆောက်လုပ်နေကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယခင်တိုက်ပွဲများအတွင်း ကျေးရွာရှိ အခြေခံပညာစာသင်ကျောင်း အဆောက်အအုံနှင့် ဆရာ၊ ဆရာမများအတွက် နေထိုင်ရာအဆောင်များ ထိခိုက်ပျက်စီးခဲ့သဖြင့် ကလေးများ၏ ပညာသင်ကြားရေး အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ကျေးရွာအတွင်းရှိ မိဘပြည်သူများ၊ ရပ်မိရပ်ဖများနှင့် လူငယ်များ ပူးပေါင်းကာ အလှူငွေများ စုဆောင်းပြီး အဆောက်အအုံများ ပြန်လည် တည်ဆောက်နေကြောင်း သိရသည်။
“ကလေးတွေ စာပြန်သင်နိုင်ဖို့နဲ့ ဆရာ၊ ဆရာမတွေ နေစရာ အဆင်ပြေဖို့ ရွာကလူတွေအားလုံး တတ်နိုင်သလောက် ပါဝင် ကူညီနေကြပါတယ်။ ရပ်နီးရပ်ဝေး မိဘပြည်သူတွေလည်း ပါဝင်လှူဒါန်းနိုင်ပါတယ်။ တာဝန်ရှိသူတွေ မပြင်ပေးတော့ ရွာကလူတွေပဲ ပြန်ဦးဆောင်ပြီး လုပ်တာပါ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဒေသခံများအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရန် ပြင်ပအလှူရှင်များ၏ အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်အတွင်း ကျေးရွာအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျရောက်မှုနှင့် မီးလောင်မှုများကြောင့် ဒေသခံနေအိမ် ၅၀ ကျော်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
#MeKongNews
#ဆောင်းပြောင်းကျေးရွာ
#တိုက်ပွဲ
#ပျက်စီး
#စာသင်ကျောင်း
#ကိုယ်ထူကိုယ်ထ








