မဲခေါင်၊ ဧပြီ ၂၉
ယူကရိန်းနှင့်စစ်ပွဲတွင် ရုရှားအတွက် ပါဝင်တိုက်ခိုက်ရင်း လက်ပစ်ဗုံးများခွဲ၍ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြသော မြောက်ကိုရီးယား စစ်သားများကို ကင်ဂျုံအန်က ချီးကျူးပြောကြားခဲ့ပြီး ကြာရှည်စွာ မသင်္ကာ ဖြစ်ခဲ့ကြသည့် စစ်မြေပြင်မူဝါဒကို အတည်ဖြစ်စေခဲ့သည်။
ကြီးကျယ်သော ဂုဏ်ကျက်သရေကို ကာကွယ်ရန် မိမိကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် နှင့် အသေခံ တိုက်ခိုက်မှုများအတွက် မတွန့်မဆုတ် ရွေးချယ်ခဲ့သူများသည် သူရဲကောင်းများ ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်က ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ပြောသည်။
ယူကရိန်းက ကျူးကျော်ဝင်ရောက်ခဲ့သည့် ကာ့ချ်ဒေသနေရာအချို့ကို ရုရှားက ပြန်လည်သိမ်းယူရန် မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၅၀၀၀ ခန့်ကို စေလွှတ်ခဲ့ပြီး လက်ရှိအချိန်အထိ ၆၀၀၀ ခန့် သေဆုံးခဲ့သည်ဟု တောင်ကိုရီးယားက ခန့်မှန်းထားသည်။
အရေအတွက် အတိအကျကိုမူ မော်စကို သို့မဟုတ် ပြုံယမ်းက အတည်မပြုခဲ့ပေ။
ယူကရိန်းထံ အကျဉ်းသားများအဖြစ် အဖမ်းခံခြင်းထက် မိမိကိုယ်ကိုယ် သတ်ဖြတ်ရန် စစ်သားများကို အမိန့်ပေးထားသည်ဟု ထောက်လှမ်းရေးဌာနများနှင့် တောင်ကိုရီးယားသို့ ဘက်ပြောင်းလာသူများက ပြောကြားကြသည်။
“ လျော်ကြေး မမျှော်လင့်ဘဲနဲ့ သူတို့ရဲ့ မိမိကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံမှု၊ ဆုချတာကို မမျှော်လင့်တဲ့ သစ္စာခံမှု၊ ဒါဟာ ကျွန်တော်တို့စစ်တပ်ရဲ့အမြင့်ဆုံး သစ္စာရှိမှုအထွတ်အထိပ် ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်” ဟု တနင်္လာနေ့က ကျဆုံးစစ်သည်များအတွက် အမှတ်တရ အထိမ်းအမှတ်နေရာ ဖွင့်လှစ်ချိန်တွင် ကင်ဂျုံအန်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။
ယင်းအခမ်းအနားသို့ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေးဘီလူဆော့ဗ် နှင့် ရုရှားပါလီမန်ဥက္ကဌ ဗယာချီစလက်ဗိုလိုဒင်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်သူထံ အဖမ်းခံခြင်းမှာ နိုင်ငံအပေါ် သစ္စာဖောက်မှုအဖြစ် မြောက်ကိုရီးယားတွင် စစ်သားများကို သင်ကြားထားကြသည်။
စစ်သားများ စေလွှတ်ခြင်းအပြင် ကာ့ချ်ဒေသ ပြန်လည် တည်ဆောက်ရေးအတွက် မြောက်ကိုရီးယားအလုပ်သမား ထောင်ပေါင်းများစွာ စေလွှတ်ပေးမည်ဟုလည်း ပြုံယမ်းက ကတိပြုထားသည်။
အေးကျော်
Ref: BBC
#MeKongNews
#ယူကရိန်း
#မြောက်ကိုရီးယား
#အဆုံးစီရင်
#ကင်ဂျုံအန်
#ချီးကျူး








