မဲခေါင်၊ ဧပြီ ၂၉
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ် အပြီးနောက် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့ရှိ ကျားဖြန့်တရုတ်များကို စစ်ကောင်စီတပ်က ယနေ့တွင် အင်အားသုံး ဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဧပြီ ၂၉ ရက် နံနက်ပိုင်းမှစပြီး ယခုသတင်းရသည်အထိ မူဆယ်မြို့၊ စွမ်စော်၊ ကောင်းမူးလွယ်ရပ်ကွက်များနှင့် အမှတ် (၉) လမ်းမရှိ အဆောက်အဦများကို စစ်တပ်မှ အင်အားသုံး၍ တရုတ်နိုင်ငံသား ကျားဖြန့်များကို ပိုက်စိတ်တိုက် ဖမ်းဆီးနေကြောင်း သိရသည်။
“မနက်ထဲက ဖမ်းနေတာ။ တရုတ်တွေလည်း အိမ်ခေါင်မိုးပေါ် တက်ပြေး၊ ဟိုပြေးဒီပြေးနဲ့ မလွတ်ပါဘူး၊ အရေအတွက်ကတော့ သေချာမသိဘူး။ ခန့်မှန်းတော့ ၁၀၀ ဝန်းကျင် မကရင်သာရှိမယ် အနည်းဆုံး ရှိနိုင်တယ်”ဟု မူဆယ် ဟူမွန်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
အခြားသူတစ်ဦးက ယခင် ဗျူဟာမှူးလက်ထက်က လ က်သိပ်ထိုး လာဘ်ငွေယူ ဖွင့်လှစ်ခွင့်ပြု ထားသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း ၈ ခုကို အင်အားသုံး ဝင်ရောက်စီးနင်းနေသည်ဟု ဆိုသည်။
မူဆယ်ကို ယခင်က မိုင်းဆတ်အခြေစိုက် စကခ ၁၄ လက်အောက်ခံဗျူဟာမှ ထိန်းချုပ်ခဲ့ပြီး ယခုအခါ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗျူဟာမှူး ဇော်မျိုးထွဋ်က လက်အောက်ခံတပ်ရင်း ၃ ရင်းဖြင့် ထိန်းချုပ်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၂၅ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် မြန်မာအပေါ် ရပ်တည်ထောက်ခံကြောင်း ပြောကြားခဲ့သလို ကျားဖြန့် နှိမ်နင်းရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရန် မှာကြားသွားသည်။
ဝမ်ယိသည် ဧပြီ ၂၂ ရက်မှ စတင်သည့် ကမ္ဘောဒီးယား၊ ထိုင်းနှင့် မြန်မာ ၃ နိုင်ငံခရီးစဉ်အတွင်း ကျားဖြန့်နှိမ်နင်းရေးကို အထူးအလေးပေး ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း ကျားဖြန့်ဖမ်းဆီးမှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာနေသည်။
ထို့အတူ ကမ္ဘောဒီးယားတွင်လည်း ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် ပွိုင်ပက်မြို့နယ်၊ ဘာလီလေးကျေးရွာရှိ ကျားဖြန့်စင်တာတစ်ခုကို ကမ္ဘောဒီးယားအာဏာပိုင်များက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သေးသည်။
#MeKongNews
#ဝမ်ယိ
#မူဆယ်
#ကျားဖြန့်တရုတ်
#အင်အားသုံး
#ဖမ်းဆီး








