မဲခေါင်၊ ဧပြီ ၂၈
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အတွင်းရှိ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများကြောင့် ကော့၊ ဆိုင်း၊ ရွတ် နှင့် မဲခေါင်မြစ်များအတွင်း အဆိပ်သင့်သတ္တုများ ပါဝင်နေသည့် ပြဿနာကို ဖြေရှင်းနိုင်ရန် သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့ကို ကြားနေညှိနှိုင်းရေးသမားများအဖြစ် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း ထိုင်းသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“ဒီလို တတိယနိုင်ငံတွေကို ပါဝင်ပတ်သက်စေတာဟာ သံတမန်ရေးရာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ရေရှည်ဖြေရှင်းနိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်” ဟု ဧပြီ ၂၀ ရက်က ဝန်ကြီးချုပ် အနုတင် ချာန်ဗီရကူးလ် ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအစည်းအဝေးအပြီးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆူချတ်ချွမ်ကလင်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန – PCD ၏ အဆိုအရ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်ချောင်းများတွင် အာဆင်းနစ် ပါဝင်မှုနှုန်း မြင့်မားနေသည်ကို တွေ့ရှိရပြီး အထူးသဖြင့် ရေနည်းသည့် နွေရာသီကာလများတွင် အနည်အနှစ်များ ပိုမိုစုစည်းကာ ပြင်းအား ပိုမိုများပြားလာကြောင်း သိရသည်။
“သြစတြေးလျနဲ့ ဂျပန်ဟာ ထိုင်းနိုင်ငံကို ဖြတ်သန်းသွားတဲ့ အဲဒီသတ္တုတွေကို အဓိက တင်သွင်းနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ တိုက်ရိုက် ပြောဆိုချက်တွေထက် သူတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိချက်တွေကို ပိုမိုလက်ခံနိုင်ခြေရှိတဲ့အတွက် ဒီနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုက မရှိမဖြစ် လိုအပ်ပါတယ်” ဟု ဝန်ကြီး ဆူချတ်က မှတ်ချက်ပြုခဲ့သည်။
ယင်းပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာနိုင်ငံအတွင်းရှိ ရေအရည်အသွေးကို စစ်ဆေးခွင့်ရရှိရန်၊ အဆင့်မြင့်နည်းပညာများအသုံးပြု၍ အဆိပ်သင့်မြစ်ရေ အနည်အနှစ်များကို ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများအဖြစ် ပြောင်းလဲရန်နှင့် သောက်သုံးရေ၊ ငါးနှင့် သီးနှံများ ဘေးကင်းလုံခြုံမှုအပေါ် လူထုစိုးရိမ်မှုကို လျှော့ချရန်တို့ကို အဓိကထား လုပ်ဆောင်မည် ဖြစ်သည်။
ကော့မြစ်အတွင်း အာဆင်းနစ်ပါဝင်မှုနှုန်းမှာ အတက်အကျရှိနေသော်လည်း ရွတ်နှင့် မဲခေါင်မြစ်များတွင်မူ စမ်းသပ်သည့် နေရာတိုင်းနီးပါး၌ ဘေးကင်းသည့်အဆင့်ထက် ကျော်လွန်နေဆဲဖြစ်ကြောင်း PCD ညွှန်ကြားရေးမှူးချုပ် ဆူရင်ဝိုရာကစ်သမ်ရွန်က တင်ပြခဲ့သည်။
အများပြည်သူယုံကြည်မှု ပြန်လည် ရရှိစေရန် PCD အနေဖြင့် ကော့မြစ်၊ မဲခေါင်မြစ်နှင့် သံလွင်မြစ်များတစ်လျှောက် ၂၄ နာရီပတ်လုံး ရေအရည်အသွေးကို စစ်ဆေးပေးနိုင်မည့် အလိုအလျောက် စောင့်ကြည့်ရေးစခန်း ၁၈ ခု တပ်ဆင်ရန် အရေးပေါ်ဘတ်ဂျက် တောင်းခံထားသည်။
မြစ်ရေများတွင် အနည်အနှစ် များပြားနေသော်လည်း ပြုပြင်ထားသော ပိုက်လိုင်းရေ၊ စိုက်ပျိုးရေးထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များမှာမူ စားသုံးရန် ဘေးကင်းသေးကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။
ဝန်ကြီးဌာနပေါင်းစုံ၏ ပူးပေါင်းစစ်ဆေးမှုအရ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် အသားများတွင် အာဆင်းနစ်ပါဝင်မှုမှာ သတ်မှတ်စံနှုန်းအတွင်း၌သာ ရှိနေသေးကြောင်း တွေ့ရှိရသည်။
သို့သော်လည်း ကျန်းမာရေးတာဝန်ရှိသူများသည် ခရိုင် ၇ ခုရှိ အန္တရာယ်ရှိသော ဒေသများတွင် နေထိုင်သည့် လယ်သမား ၁၄၀၀ ကျော်၏ ကျန်းမာရေးကို စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ခေတ်မီအီလက်ထရွန်နစ်ပစ္စည်းများအတွက် မရှိမဖြစ်လိုအပ်သော ရှားပါးသတ္တုများ ထုတ်လုပ်မှုကွင်းဆက်တွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် အရေးပါသော ရင်းမြစ်တစ်ခုဖြစ်လာပြီး ထိုသတ္တုရိုင်းအများစုမှာ ထိုင်းနိုင်ငံမှတစ်ဆင့် ဂျပန်နှင့် သြစတြေးလျဈေးကွက်များသို့ တင်ပို့နေခြင်းဖြစ်သည်။
ချင်းမိုင်တွင် ပြုလုပ်သည့် ယင်းအစည်းအဝေးမှာ တောမီးငြှိမ်းသတ်ရေးနှင့် PM2.5 လေထုညစ်ညမ်းမှုကိစ္စကို အဓိကထားဆွေးနွေးခဲ့ခြင်းဖြစ်သော်လည်း၊ မြောက်ပိုင်းမြစ်ဝှမ်းဒေသများရှိ ရေထုညစ်ညမ်းမှုမှာ နိုင်ငံဖြတ်ကျော် ပြဿနာတစ်ရပ်အဖြစ် အရေးတကြီး ဖြေရှင်းရန် လိုအပ်နေကြောင်း ထင်ရှားနေသည်။
Ref: Thai PBS
#MeKongNews
#မြန်မာ
#မြေရှားသတ္တု
#ရေထုညစ်ညမ်းမှု
#ဂျပန်
#ဩစတြေးလျ








